ဆောင်းရာသီမတိုင်မီ စစ်ပွဲပြီးဆုံးရေး ကူညီပေးရန် ယူကရိန်းသမ္မတက G7 ခေါင်းဆောင်များကို တောင်းဆို

ဆောင်းရာသီမတိုင်မီ စစ်ပွဲပြီးဆုံးရေး ကူညီပေးရန် ယူကရိန်းသမ္မတက G7 ခေါင်းဆောင်များကို တောင်းဆို
By Mr John

ဂျာမနီနိုင်ငံတွင် ကျင်းပပြုလုပ်သည့် G7 အဖွဲ့ဝင်နိုင်ငံများ ထိပ်သီးအစည်းအဝေးကို ယူကရိန်းသမ္မတ ဗိုလိုဒီမြာ ဇီလန်းစကီးက ဗီဒီယိုလင့်ခ်မှတစ်ဆင့် တက်ရောက်ပြီး မိန့်ခွန်းပြောကြားခဲ့ရာ ရုရှား၏ ကျူးကျော်မှုကို ယခုနှစ်ကုန်တွင် အဆုံးသတ်ရေး အစွမ်းကုန် ကူညီပေးကြရန် G7 ခေါင်းဆောင်များကို တိုက်တွန်းလိုက်ကြောင်း သိရသည်။ 

G7 ခေါင်းဆောင်များကလည်း ရုရှားအပေါ် အရေးယူပိတ်ဆို့မှုအသစ်များ စီစဥ်ထားပြီး ယူကရိန်းကို အချိန်မည်မျှကြာကြာ ထောက်ပံ့ကူညီသွားမည်ဟု ကတိပြုခဲ့ကြသည်။

အမေရိကန်၊ ပြင်သစ်၊ ဗြိတိန်၊ ကနေဒါ၊ ဂျပန်၊ အီတလီ၊ ဂျာမနီနှင့် ဥရောပသမဂ္ဂတို့မှ G7 ခေါင်းဆောင်များက ဂျာမနီနိုင်ငံ Bavarian Alps တွင် (၄၈) ကြိမ်‌မြောက် ထိပ်သီးအစည်းအဝေးအဖြစ် (၃) ရက်ကြာ ကျင်းပပြလုပ်နေပြီး   ယူကရိန်းကို ကျူးကျော်ခဲ့မှုအတွက် ရုရှားကို စီးပွားရေးအရ အရေးယူပိတ်ဆို့မှုများ တင်းကျပ်ဆောင်ရွက်သွားမည်ဟုလည်း ကတိပြုခဲ့ကြသည်။

စစ်ပွဲ၏ သက်ရောက်မှုများကြောင့် စွမ်းအင်နှင့် စားနပ်ရိက္ခာဈေးနှုန်းများ မြင့်တက်ပြီး ကမ္ဘာတဝန်း ငွေကြေးဖောင်းပွမှု ဖြစ်လာသော်လည်း G7 ခေါင်းဆောင်များက ယူကရိန်းနှင့် ပတ်သက်၍ စည်းလုံးညီညွတ်မှုရှိကြောင်း ပြသခဲ့ကြသည်။ 

"ကျွန်ုပ်တို့က ဘဏ္ဍာရေး၊ လူသားချင်းစာနာထောက်ထားမှု၊ စစ်တပ်နှင့် သံတမန်ရေး အကူအညီ ဆက်လက်ပေးသွားမည်ဖြစ်ပြီး အချိန်မည်မျှကြာကြာ ယူကရိန်းနှင့်အတူ ရပ်တည်သွားမည်" ဟု G7 ထိပ်သီးအစည်းအဝေး ဒုတိယနေ့ဖြစ်သည့် ဇွန်လ (၂၇) ရက် ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ယခုနှစ် ဆောင်းရာသီမတိုင်မီ စစ်ပွဲပြီးဆုံးရေး ကူညီပေးရန် G7 ခေါင်းဆောင်တွေကို ယူကရိန်းသမ္မတ ဇီလန်းစကီးက တိုက်တွန်းခဲ့ပြီး ၎င်း၏ စစ်သားများအတွက် အခြေအနေ ပိုမိုခက်ခဲကြမ်းတမ်းလာမည်ဟု ဆိုသည်။

ထို့အတူ ရုရှားကို ဖိအားပေးမှုတိုးမြှင့်ရန်နှင့် ရုရှား၏ စွမ်းအင်ဝင်ငွေကို ကန့်သတ်ရန် ရေနံဈေးနှုန်း လျှော့ချသတ်မှတ်ရေး အပါအဝင် ပြင်းထန်သည့် အရေးယူပိတ်ဆို့မှုများ ချမှတ်ဆောင်ရွက်ရန်လည်း ဇီလန်းစကီးက မဟာမိတ်များကို တိုက်တွန်းခဲ့သည်။

G7 အုပ်စု အဖွဲ့ဝင်နိုင်ငံများဖြစ်သည့် ဗြိတိန်၊ အမေရိကန်၊ ကနေဒါနှင့် ဂျပန်တို့က ရုရှားထံမှ ရွှေတင်သွင်းမှုများကို တားမြစ်ပိတ်ပင်သွားမည်ဟု ထုတ်ဖော်ပြောထားပြီး ကျန်အဖွဲ့ဝင်နိုင်ငံများကလည်း ဇွန်လ (၂၈) ရက် တရားဝင်  ရုရှားအပေါ် အရေးယူပိတ်ဆို့မှုအသစ်များ ထုတ်ပြန်ကြေညာချိန်တွင် ပါဝင်လာကြမည်ဟု ဆိုသည်။ 

အနောက်အုပ်စုက ဘဏ်များ၊ စွမ်းအင်ကုမ္ပဏီများ၊ လေကြောင်းလိုင်းများ၊ နည်းပညာမြင့်နှင့် လူသုံးကုန်ပစ္စည်းများကို အရေးယူပိတ်ဆို့ထားမှုကြောင့် ရုရှား၏ စီးပွားရေးမှာ ကြီးမားသည့်ဖိအားအောက် ရောက်နေခဲ့ပြီးဖြစ်ရာ ၎င်း၏ရွှေဈေးကွက်ကို ပိတ်ပင်လိုက်ခြင်းက သိသာထင်ရှားသည့် သက်ရောက်မှုရှိလာမည်ဟု ဆိုသည်။

"ရွှေက စွမ်းအင်ပြီးရင် ရုရှားရဲ့ ဒုတိယအကြီးဆုံး ပြည်ပပို့ကုန်ဖြစ်ပြီး သမ္မတဗလာဒီမာပူတင်နဲ့ ရုရှားအတွက် သိသာထင်ရှားတဲ့ ဝင်ငွေအရင်းအမြစ်တစ်ခုပါ" ဟု အမေရိကန် အစိုးရအရာရှိက ပြောသည်။ 

အမေရိကန် အိမ်ဖြူတော်၏ အဆိုအရ ၂၀၂၀ ခုနှစ်အတွင်း ရွှေတင်ပို့မှုအားလုံး၏ (၅) ရာခိုင်နှုန်းမှာ ရုရှားထံမှဖြစ်ကြောင်းနှင့် ရုရှားရွှေ (၉၀) ရာခိုင်နှုန်းကို G7 နိုင်ငံများသို့ တင်ပို့နေပြီး အဓိကအားဖြင့် ဗြိတိန်သို့ဖြစ်ကြောင်း သိရသည်။ 

၂၀၂၁ ခုနှစ်တွင် ရုရှား၏ ပြည်ပသို့ ရွှေတင်ပို့မှုမှာ အမေရိကန်ဒေါ်လာ (၁၅.၄) ဘီလီယံဖိုးရှိခဲ့သည်။

ယခုနှစ် G7 ထိပ်သီးအစည်းအဝေးတွင် ယူကရိန်းစစ်ပွဲနှင့် စွမ်းအင်ပြတ်လပ်မှုများမှ စားနပ်ရိက္ခာအကျပ်အတည်းအထိ ကျယ်ပြန့်သော စစ်ပွဲအကျိုးဆက်များကို အဓိကထား ဆွေးနွေးကြမည် ဖြစ်သည်။ 

G7 အုပ်စုတွင် ကနေဒါ၊ ဂျာမနီ၊ ပြင်သစ်၊ အီတလီ၊ ဂျပန်၊ ဗြိတိန်၊ အမေရိကန်နှင့် ဥရောပသမဂ္ဂတို့ ပါဝင်ကြသည်။ 

ယခုနှစ် G7 ထိပ်သီးအစည်းအဝေးသို့ အာဂျင်တီးနား၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ ဆီနီဂေါ၊ တောင်အာဖရိကနှင့် ယူကရိန်းတို့ကို ဧည့်သည်နိုင်ငံများအဖြစ် ဖိတ်ကြားခဲ့ကြောင်းလည်း သိရသည်။

Source: AFP