ထိုင်း - မလေးရှား နယ်စပ်ဂိတ်ကို (၂)နှစ်အကြာပိတ်ထားရာမှ ၂၀၂၂ ခုနှစ် ဧပြီလ (၁) ရက်နေ့ကစပြီး စတင်ဖွင့်လှစ်ရာ မလေးရှားဘက်မှ ခရီးသွား (၁၀၇)ဦး ဝင်ရောက်လာကြောင်း သိရသည်။
ထိုင်းနိုင်ငံတွင်း ဝင်လာသည့် နိုင်ငံခြားသားများ ကျန်းမာရေးဆိုင်ရာအချက်အလက်နှင့် ခရီးသွားအချက်အလက်များကို အွန်လိုင်းမှ စာရင်းကောက်ယူကာ QR Code ထုတ်ပေးထားပြီး ထိုင်းနိုင်ငံတွင်းဖြတ်သန်းသွားလာခွင့်ပြုစနစ်ဖြင့် ခွင့်ပြုထားခြင်း ဖြစ်ကြောင်း သိရသည်။
ထိုင်းနိုင်ငံက နယ်စပ်ဂိတ်များအနက် မလေးရှားဘက်မှ နိုင်ငံခြားခရီးသွားအဝင်များသည့် ဆဒွိုင်းနယ်စပ်ဂိတ်ကို ဧပြီလ (၁) ရက်နေ့ နံနက် (၅)နာရီက စတင်ဖွင့်လှစ်လာခြင်းဖြစ်သည်။
နယ်စပ်ဂိတ်မှဝင်လာမည့် ခရီးသွားများအနေဖြင့် နိုင်ငံကူးလက်မှတ်၊ COVID 19 ကာကွယ်ဆေးထိုးမှတ်တမ်း၊ COVID 19 ကာကွယ်ရေးသတ်မှတ်ချက်များဖြင့် ဖွင့်လှစ်ခွင့်ပေးထားသည့် ဟိုတယ်တွင် တည်းခိုရန် အခန်းခကြိုတင်ပေးချေထားသည့် မှတ်တမ်းတို့ ပြသရမည်ဖြစ်ပြီး COVID 19 စစ်ဆေးမှုလည်း ခံယူရမည်ဖြစ်သည်။
ယင်းသို့ စစ်ဆေးမှုအတွင်း COVID 19 ပိုးတွေ့သူအနေဖြင့် ကုသမှုခံယူရမည်ဖြစ်သည့်အပြင် ပိုးမတွေ့သူအနေဖြင့် ထိုင်းနိုင်ငံအတွင်း နေထိုင်စဉ် နှာခေါင်းစည်း Mask တပ်ဆင်ခြင်း အပါအဝင် COVID 19 ကာကွယ်ရေးသတ်မှတ်ချက်များကို လိုက်နာရမည်ဖြစ်သည်။
အလားတူ ထိုင်းတောင်ပိုင်းရှိ နယ်စပ်ဂိတ်များကိုလည်း ဖွင့်လှစ်သွားနိုင်ရန် စီစဉ်နေသည်ဟု သိရသည်။
ထိုင်းနိုင်ငံ က Covid-19 အခြေအနေကြောင့် ၂၀၂၀ခုနှစ် မတ်လ(၂၃)ရက်နေ့က စပြီး ထိုင်းနိုင်ငံနှင့်ထိစပ်သည့် မြန်မာ - လာအို - မလေးရှား နယ်စပ် ဝင်ပေါက် ထွက်ပေါက်များကို ပိတ်ထားခြင်းဖြစ်ပြီး ယခုအခါတွင် ပထမဆုံးအနေဖြင့် ထိုင်း - မလေးရှားနယ်စပ်ပေါက်ကို ကန့်သတ်ချက်ဖြင့် ဖွင့်လှစ်လာခြင်း ဖြစ်သည်။
Source: Bangkok Post