တရုတ်နိုင်ငံက အမေရိကန်အောက်လွှတ်တော်ဥက္ကဌ နန်စီပယ်လိုစီ၏ ထိုင်ဝမ်ခရီးစဥ်အပေါ် ကန့်ကွက်သည့် စစ်ရေးလေ့ကျင့်မှုအား အကြောင်းပြချက်တစ်ခုအဖြစ် အသုံးချနေသလို ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ထိုင်ဝမ်ကျွန်းကို ကျူးကျော်ရန်အတွက် ပြင်ဆင်နေကြောင်း ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီးက ဩဂုတ်လ (၉) ရက်နေ့တွင် ပြောသည်။
စစ်ရေးလေ့ကျင်မှုများ ဆက်လုပ်ဆောင်နေခဲ့ပြီး တရားဝင်မဟုတ်သည့် ထိုင်ဝမ်ရေလက်ကြား ပိုင်းဖြတ်မျဥ်းကို တရုတ်က မကြာခဏ ဖြတ်ကျော်ဝင်ရောက်မှုရှိနေသော်လည်း ထိုင်ဝမ်ကို ခြိမ်းခြောက်နိုင်လိမ့်မည်မဟုတ်ဟု ထိုင်ဝမ်နိုင်ငံခြာရေးဝန်ကြီး Joseph Wu က တိုင်ပေမြို့တွင် သတင်းထောက်များကို ပြောခဲ့သည်။
"တရုတ်က စစ်ရေးလေ့ကျင့်မှုတွေကို အသုံးချနေတာပါ ထိုင်ဝမ်ကို ကျူးကျော်မှုအတွက် ပြင်ဆင်ဖို့အတွက်ပါ" ဟု Wu က ဆိုသည်။
ထိုင်ဝမ်ရေလက်ကြားတစ်လျှောက် ငြိမ်းချမ်းမှုနှင့် တည်ငြိမ်မှုရှိစေရန် နိုင်ငံတကာအသိုင်းအဝိုင်းက ပံ့ပိုးကူညီကြရန်လည်း ၎င်းက တိုက်တွန်းလိုက်သည်။
"ထိုင်ဝမ်မှာ လူထုရဲ့စိတ်ဓာတ်ကို အားနည်းအောင်ကြိုးပမ်းမှုအဖြစ် တရုတ်က အကြီးစား စစ်ရေးလေ့ကျင့်မှုတွေ၊ ဒုံးကျည်ပစ်လွှတ်မှုတွေ၊ ဆိုက်ဘာတိုက်ခိုက်မှုတွေ၊ သတင်းမှားဖြန့်ဝေမှုတွေနဲ့ စီးပွားရေးအကျပ်ကိုင်မှုတွေ လုပ်နေတယ်" ဟု Wu က ပြောဆိုခဲ့သည်။
တရုတ်က ထိုင်ဝမ်ကျွန်းပတ်လည်တွင် ပဲ့ထိန်းဒုံးကျည်များပစ်လွှတ်မှု၊ ပင်လယ်ပြင်နှင့် လေကြောင်းတိုက်ခိုက်ရေးကို ဝေဟင်နှင့် ပင်လယ်အတွင်း သရုပ်ဖော်လေ့ကျင့်မှုတို့ အပါအဝင် ၎င်း၏ အကြီးမားဆုံး စစ်ရေးလေ့ကျင့်မှုကို ဩဂုတ်လ (၄) ရက်နေ့ မှ (၇) ရက်နေ့ အထိ (၄) ရက်နေ့ ကြာ ပြုလုပ်ခဲ့ပြီးနောက် စစ်ရေးတင်းမာမှုများရှိနေစဥ် ထိုင်ဝမ်နိုင်ငံခြားရေးဝန်ကြီး Wu က ထိုသို့ ပြောခြင်းလည်း ဖြစ်သည်။
ဩဂုတ်လ (၇) ရက်နေ့တွင် အကြီးမားဆုံး စစ်ရေးလေ့ကျင့်မှု ပြီးဆုံးခဲ့ပြီးနောက် တရုတ်စစ်တပ်က ရေငုပ်သင်္ဘော တန်ပြန်တိုက်ဖျက်မှုနှင့် ပင်လယ်ပြင်တိုက်ခိုက်ရေးတို့ကို အဓိကထားမည့် စစ်ရေးလေ့ကျင့်မှုအသစ်များ လုပ်ဆောင်သွားမည်ဟု ဩဂုတ်လ (၈) ရက်နေ့က ကြေညာခဲ့သည်။
ယခုစစ်ရေးလေ့ကျင့်မှုများအရ တရုတ်က ထိုင်ဝမ်၏ကာကွယ်ရေးကို ဆက်လက် ဖိအားပေးလိမ့်မည်ဟု လုံခြုံရေး လေ့လာဆန်းစစ်သူအချို့နှင့် သံတမန်များက စိုးရိမ်ပူပန်နေကြသည်။
Source: Reuters