အကြိုက်ဆုံး တေးဂီတအဖွဲ့၏ သီဆိုဖျော်ဖြေပွဲတွင် အသံကုန် အော်ဟစ်အားပေးသည့် တရုတ်လူငယ်တစ်ဦး အဆုတ်ပေါက်ပြဲ 

အကြိုက်ဆုံး တေးဂီတအဖွဲ့၏ သီဆိုဖျော်ဖြေပွဲတွင် အသံကုန် အော်ဟစ်အားပေးသည့် တရုတ်လူငယ်တစ်ဦး အဆုတ်ပေါက်ပြဲ 
ဇူလိုင် 27, 2023 | နိုင်ငံတကာသတင်း
By Mr John

 တရုတ်နိုင်ငံတွင်  တေးဂီတအဖွဲ့၏ သီဆိုဖျော်ဖြေမှုကို အသံကုန် အော်ဟစ်အားပေးခဲ့သည့် အသက် (၁၉) နှစ်အရွယ် လူငယ်တစ်ဦး အဆုတ်ပေါက်ပြဲသွားခဲ့ကြောင်း သိရသည်။ 

ရှန်ဇန်းမြို့မှ တရုတ်လူငယ်မှာ ၎င်း၏ အနှစ်သက်ဆုံး တေးဂီတအဖွဲ့ကို အသံကုန် ကျယ်လောင်စွာ အော်ဟစ်အားပေးခဲ့စဥ် အဆုတ်ယိုယွင်းမှုဟုလည်း သိထားကြသည့် pneumothorax ခေါ် ပြဿနာကြုံခဲ့ရသည်။

တရုတ်မီဒီယာ၏ ဖော်ပြမှုအရ အသက် (၁၉) နှစ်အရွယ် လူငယ်မှာ ဂီတဖျော်ဖြေပွဲတွင် အသံကုန် အော်ဟစ်အားပေးနေစဥ် ရုတ်တရက် ရင်ဘတ်နာလာခဲ့သည်ဟု ဆိုသည်။ 

ထို့နောက် ချက်ချင်းနီးပါး အသက်ရှူကျပ်လာပြီး သတိမေ့သွား၍ ၎င်းအား  ရှန်ဇန်းဆေးရုံသို့ အရေးပေါ် ပို့ဆောင်ခဲ့ရသည်။

ဆေးရုံတွင် စစ်ဆေးမှုများ ပြုလုပ်ခဲ့ပြီးနောက် ဂီတဖျော်ဖြေပွဲအတွင်း အလွန်အကျွံ အော်ဟစ်မှုကြောင့် လူငယ်၏ အဆုတ်တစ်ခု ပေါက်ပြဲသွားခဲ့သည့်  pneumothorax ဖြစ်ကြောင်း ဆရာဝန်များက‌ ကောက်ချက်ချခဲ့သည်။ 

pneumothorax မှာ အဆုတ်နှင့် ရင်ဘတ်နံရံကြား pleural space ခေါ် နေရာလပ်တွင် ပုံမှန်မဟုတ်သော လေစုဖွဲ့လာမှု ဖြစ်သည်။

ရင်ဘတ်ထိုးသွင်းဒဏ်ရာကြောင့်ဖြစ်စေ၊ အဆုတ်ရောဂါကြောင့်ဖြစ်စေ ထိုနေရာလပ်တွင် လေစုဖွဲ့မှု ဖြစ်လာပြီး အဆုတ်ယိုယွင်းတတ်ကြောင်း သို့မဟုတ် ရုတ်တရက် သို့မဟုတ် ပြင်းထန်သည့် ဖိအားကြောင့်လည်း အဆုတ်ပေါက်ပြဲသွားနိုင်ကြောင်း သိရသည်။ 

ဆရာဝန်များက လူငယ်၏ အဆုတ်နှင့် ရင်ဘတ်နံရံကြားရှိ ပိုလျှံနေသော လေကို ဖယ်ရှားပေးနိုင်ခဲ့ပြီး ပေါက်ပြဲသွားသည့် အဆုတ်ပေါ်ရှိ လေဖိအားကို သက်သာစေခဲ့ကြောင်းနှင့် ထိုလူငယ်မှာ အပြည့်အဝ နေပြန်ကောင်းလာနေပြီဟု MinuteMirror သတင်းဝက်ဘ်ဆိုက်က ဇူလိုင်လ (၂၅) ရက်တွင် ဖော်ပြသည်။ 

၂၀၁၇ ခုနှစ်ကလည်း One Direction အဖွဲ့ ဂီတဖျော်ဖြေပွဲတွင် အသံကုန် အော်ဟစ်အားပေးခဲ့သည့် အသက် (၁၆) နှစ်အရွယ် အမျိုးသမီးငယ်တစ်ဦး pneumothorax ပြဿာနကြုံခဲ့ရကြောင်း အနောက်အုပ်စု မီဒီယာက ဖော်ပြခဲ့သည်။

 

Source: OddityCentral