အမေရိကန်နိုင်ငံတွင် ဆောင်းရာသီမုန်တိုင်းကြောင့် လေယာဥ်ခရီးစဥ် (၁,၀၀၀) ကျော် ဖျက်သိမ်း

Photo: Iran Press
Photo: Iran Press
အမေရိကန်နိုင်ငံတွင် ဆောင်းရာသီမုန်တိုင်းကြောင့် လေယာဥ်ခရီးစဥ် (၁,၀၀၀) ကျော် ဖျက်သိမ်း
ဖေဖော်ဝါရီ 23, 2023 | နိုင်ငံတကာသတင်း
By Mr John

အမေရိကန်တွင် အားကောင်းသည့် ဆောင်းရာသီမုန်တိုင်းတစ်ခု နိုင်ငံအနောက်ပိုင်းနှင့် အလယ်ပိုင်း ပြည်နယ်များကို ဖြတ်သန်းတိုက်ခတ်မှုကြောင့် ဖေဖေါ်ဝါရီလ (၂၁) ရက်နေ့က လေယာဥ်ခရီးစဥ် (၁,၀၀၀) ကျော် ဖျမ်းသိမ်းခဲ့ရသည်။ 

အမေရိကန်သို့ ဝင်ရောက်မည့် သို့မဟုတ် အမေရိကန်မှ ထွက်ခွာမည့် စုစုပေါင်း လေယာဥ်ခရီးစဥ် (၁,၀၃၅) ခုကို ဖျက်သိမ်းခဲ့ကြောင်း လေကြောင်းပျံသန်းမှု စောင့်ကြည့်ဝက်ဘ်ဆိုက် FlightAware က ဖော်ပြခဲ့သည်။

ထိုဝက်ဘ်ဆိုက်၏ အချက်အလက်များအရ လေယာဥ်ခရီးစဥ် (၉၃၂) ခု နှောင့်နှေးခဲ့ကြောင်းလည်း သိရသည်။ 

ရာသီဥတုအခြေအနေ ဆိုးရွားပြင်းထန်မှုကြောင့် ယခုသီတင်းပတ်အတွင်း မင်နီဆိုးတား အပါအဝင် Great Lakes နှင့် တောင်ပိုင်းလွင်ပြင်များရှိ အခြား ပြည်နယ်များတွင် လေယာဥ်ခရီးစဥ် နှောင့်နှေးမှုများ သို့မဟုတ် ဖျက်သိမ်းမှုများရှိနိုင်ကြောင်း အမေရိကန် Federal Aviation Administration (FAA) က ဖေဖေါ်ဝါရီလ (၂၁) ရက်နေ့တွင် Twitter ၌ ပြောထားသည်။

ဆောင်းရာသီမုန်တိုင်းကြောင့် တစ်နာရီလျှင် နှင်းထု (၂) လက်မနှုန်း ကျရောက်ပြီး လေပြင်းတိုက်ခတ်မှုများ ဖြစ်ပေါ်ကာ ခရီးသွားလာရန် စိတ်မချရသည့် အခြေအနေဖြစ်စေပြီး မြောက်ပိုင်းလွင်ပြင်နှင့် အထက်ပိုင်း Midwest ဒေသ၏ နေရာများတွင်မူ ခရီးသွားလာ၍မရသည်အထိ ဖြစ်နိုင်ကြောင်း အမေရိကန်မိုးလေဝသဌာန National Weather Service က ၎င်း၏ မိုးလေဝသခန့်မှန်းချက်တွင် ဖော်ပြထားသည်။ 

ဆောင်းရာသီမုန်တိုင်းကြောင့် စရိတ်နည်းလေကြောင်းလိုင်း Southwest Airlines က လေယာဥ်ခရီးစဥ် (၂၃၅) ခုကို ဖျက်သိမ်းခဲ့ပြီး Delta Air Lines ကလည်း ခရီးစဥ် (၁၉၇) ခုကို ဖျက်သိမ်းခဲ့ကြောင်း သိရသည်။

Source: Reuters