အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်နှင့် တရုတ်သမ္မတ ရှီကျင့်ဖျင်တို့ (၃) နှစ်ကျော်အတွင်း ပထမဆုံးအကြိမ် လူချင်းတွေ့ဆုံခဲ့ကြပြီး တိုးပွားလာသည့် ကွဲပြားမှုများကို ကိုင်တွယ်ဆောင်ရွက်နိုင်ရန်နှင့် ပဋိပက္ခရှောင်ရှားနိုင်နိုင်ရန် မျှော်လင့်ထားကြကြောင်း သိရသည်။
အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းတွင် ကျင်းပပြုလုပ်သည့် G20 အဖွဲ့ဝင် နိုင်ငံခေါင်းဆောင်များ ထိပ်သီးအစည်းအဝေး မတိုင်မီ ဘိုင်ဒန်နှင့်ရှီကျင့်ဖျင်တို့က တွေ့ဆုံဆွေးနွေးခဲ့ကြခြင်း ဖြစ်သည်။
ထိုင်ဝမ်အရေးနှင့် အခြားကိစ္စရပ်များအပေါ် နှစ်နိုင်ငံကြား တင်းမာမှုများ လနှင့်ချီကြာ ရှိနေခဲ့ပြီးနောက် အမေရိကန်နှင့်တရုတ် ခေါင်းဆောင်နှစ်ဦး မျက်နှာချင်းဆိုင် တွေ့ဆုံခဲ့ကြသည်။
အမေရိကန်နှင့်တရုတ်က မိမိတို့၏ ကွဲပြားမှုများကို ကိုင်တွယ်ဆောင်ရွက်နိုင်ပြီး အားပြိုင်မှုကနေ ပဋိပက္ခမဖြစ်စေရန် တားဆီးနိုင်ကြောင်း ကမ္ဘာကို ပြသရန် တာဝန်ခွဲဝေယူကြသည်ဟု ဘိုင်ဒန်ကပြောသည်။
တရုတ်သမ္မတကလည်း ကမ္ဘာက လမ်းဆုံလမ်းခွတစ်ခုသို့ ရောက်ရှိလာခဲ့ပြီဖြစ်ရာ မိမိတို့အနေဖြင့် တရုတ်-အမေရိကန် ဆက်ဆံရေးအတွက် မှန်ကန်သည့်လမ်းစဥ် ရေးဆွဲရန်လိုအပ်သည်ဟု ဆိုသည်။
"နှစ်နိုင်ငံဆက်ဆံရေး ရှေ့ဆက်ဖို့အတွက်နဲ့ ဆက်ဆံရေးတိုးမြှင့်ဖို့အတွက် လမ်းကြောင်းမှန်ကို ကျွန်တော်တို့ ရှာဖို့လိုပါတယ်" ဟု ရှီကျင့်ဖျင်က ပြောသည်။
တရုတ်နှင့်အမေရိကန် ဆက်ဆံရေးကို ကောင်းမွန်စွာ ကိုင်တွယ်ဆောင်ရွက်လိမ့်မည်ဟု ကမ္ဘာက မျှော်လင့်ကြောင်းလည်း ၎င်းကဆိုသည်။
(၃) နာရီကျော်ကြာသည့် ယခုတွေ့ဆုံမှုအတွင်း နျူကလီးယားလက်နက်များကို ယူကရိန်းတွင် အပါအဝင် မည်သည့်အခါမျှ အသုံးမပြုသင့်ကြောင်း ဘိုင်ဒန်နှင့်ရှီကျင့်ဖျင်တို့ သဘောတူညီခဲ့ကြကြောင်း အမေရိကန်သမ္မတ၏ အိမ်ဖြူတော်က ထုတ်ပြန်သည်။
တရုတ်က ထိုင်ဝမ်ကို ကျူးကျော်ရန် ကြိုးပမ်းနေမှုမရှိကြောင်းလည်း သမ္မတရှီကျင့်ဖျင်နှင့် တွေ့ဆုံပြီးနောက် အမေရိကန်သမ္မတဘိုင်ဒန်က သတင်းစာရှင်းလင်းပွဲတွင် ပြောသည်။
သို့သော် ၎င်းတို့နှစ်ဦး တွေ့ဆုံဆွေးနွေးမှုတွင် ဘိုင်ဒန်က မြောက်ကိုရီးယားကိစ္စ တရုတ်ကို သတိပေးခဲ့ပြီး ထိုင်ဝမ်အရေးတွင် ပြင်းထန်သည့် စကားလုံးသုံးနှုန်း ပြောဆိုမှုရှိခဲ့သည်ဟု ဆိုသည်။
အမေရိကန်သမ္မတဘိုင်ဒန်နှင့် တရုတ်သမ္မတရှီကျင့်ဖျင်တို့က အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်း၏ Nusa Dua အပန်းဖြေစခန်းရှိ Mulia ဇိမ်ခံဟိုတယ်ကြီးတွင် တွေ့ဆုံခဲ့ကြခြင်းဖြစ်သည်။
ယခုတွေ့ဆုံမှုမှာ ဘိုင်ဒန် သမ္မတဖြစ်လာပြီးနောက် ရှီကျင့်ဖျင်နှင့် ပထမဆုံးအကြိမ် လူချင်းတွေ့ဆုံမှုလည်းဖြစ်ကြောင်း သိရသည်။
နှစ်နိုင်ငံ ကိုယ်စားလှယ်အဖွဲ့ဝင်များက mask များ တပ်ထားကြသော်လည်း ဘိုင်ဒန်နှင့်ရှီကျင့်ဖျင်ကို COVID-19 ကာကွယ်ရေး mask တပ်မထားခဲ့ကြဟု ဆိုသည်။
G20 နိုင်ငံများ ထိပ်သီးအစည်းအဝေးကို အင်ဒိုနီးရှားနိုင်ငံ ဘာလီကျွန်းတွင် နိုဝင်ဘာလ (၁၅) ရက်နှင့် (၁၆) ရက် နှစ်ရက်ကြာ ကျင်းပပြုလုပ်သွားမည် ဖြစ်သည်။
G20 ထိပ်သီးအစည်းအဝေးများမှာ ပုံမှန်အားဖြင့် နိုင်ငံတကာငွေကြေးတည်ငြိမ်မှု၊ ရာသီဥတုပြောင်းလဲမှုလျှော့ချရေးနှင့် စဥ်ဆက်မပြတ် တိုးတက်ဖွံ့ဖြိုးရေးကဲ့သို့ ကမ္ဘာ့စီးပွားရေးနှင့် ဆက်နွယ်သည့်ကိစ္စရပ်များကို ပြောဆိုဆွေးနွေးကြလေ့ရှိသည့် ကမ္ဘာ့အကြီးဆုံး စီးပွားရေးဆိုင်ရာ ဆွေးနွေးပွဲဖြစ်သည်။
၁၉၉၉ ခုနှစ် စက်တင်ဘာလ (၂၆) ရက်တွင် စတင်ဖွဲ့စည်းခဲ့သည့် G20 အဖွဲ့တွင် အာဂျင်တီးနား၊ ဩစတြေးလျ၊ ဘရာဇီး၊ ကနေဒါ၊ တရုတ်၊ ပြင်သစ်၊ ဂျာမနီ၊ အိန္ဒိယ၊ အင်ဒိုနီးရှား၊ အီတလီ၊ တောင်ကိုရီးယား၊ ဂျပန်၊ ရုရှား၊ ဆော်ဒီအာရေဗီးယား၊ မက္ကစီကို၊ တောင်အာဖရိက၊ တူရကီ၊ ဗြိတိန်၊ အမေရိကန်နှင့် ဥရောပသမဂ္ဂတို့ ပါဝင်ကြကြောင်း သိရသည်။
Source: CNA, BBC, Reuters