ပြင်သစ်၊ ဩစတြီးယားနှင့် အီတလီတွင် မုန်တိုင်းတိုက်ခတ်မှုကြောင့် ကလေးများ အပါအဝင် လူ (၁၂) ဦး သေဆုံး

ပြင်သစ်၊ ဩစတြီးယားနှင့် အီတလီတွင် မုန်တိုင်းတိုက်ခတ်မှုကြောင့် ကလေးများ အပါအဝင် လူ (၁၂) ဦး သေဆုံး
သြဂုတ် 20, 2022 | နိုင်ငံတကာသတင်း
By Mr John

ဥရောပအလယ်ပိုင်းနှင့် တောင်ပိုင်းဒေသများတွင် ဩဂုတ်လ (၁၈) ရက် နှောင်းပိုင်းက အားကောင်းသော မုန်တိုင်းများ တိုက်ခတ်ခဲ့ပြီး ကလေးငယ် (၃) ဦး အပါအဝင် အနည်းဆုံး လူ (၁၂) ဦး သေဆုံးခဲ့ကြောင်း သိရသည်။ 

သေဆုံးမှုအများစုမှာ သစ်ပင်များလဲကျခြင်းကြောင့်ဖြစ်ပြီး အီတလီ၊ ဩစတြီးယားနှင့် ပြင်သစ်နိုင်ငံမှ Corsica ကျွန်းတို့တွင်ဖြစ်ကြောင်း သိရသည်။

မိုးသည်းထန်စွာရွာသွန်းပြီး လေပြင်းများတိုက်ခတ်မှုကြောင့် Corsica ကျွန်းပေါ်ရှိ စခန်းချနေရာများ ပျက်စီးခဲ့ပြီး အီတလီနိုင်ငံ ဗင်းနစ်မြို့ရှိ St Mark's Basilica ဘုရားကျောင်၏ ခေါင်းလောင်းမျှော်စင် အင်္ဂတေများကွာကျခဲ့သည်။ 

ဥရောပတိုက်၏ နေရာအတော်များများတွင် ရက်သတ္တပတ်များကြာ အပူလှိုင်းနှင့် မိုးခေါင်ခြောက်သွေ့မှု ဖြစ်ပေါ်နေခဲ့ပြီးနောက် မုန်တိုင်းတိုက်ခတ်မှုများ ကြုံလာရခြင်းလည်း ဖြစ်သည်။

Corsica ကျွန်းတွင် လေတိုက်နှုန်း တစ်နာရီလျှင် မိုင် (၁၄၀) အထိ အားကောင်းပြင်းထန်ခဲ့ပြီး သစ်ပင်များ အမြစ်မှကျွတ်ကာ နေအိမ်များ ပျက်စီးခဲ့သည်။ 

ကျွန်းပေါ်ရှိ အပန်းဖြေစခန်းချ နေရာတစ်ခုတွင် သစ်ပင်လဲကျမှုကြောင့် အသက် (၁၃) နှစ်အရွယ် မိန်းကလေးငယ်တစ်ဦး သေဆုံးခဲ့ကြောင်း အာဏာပိုင်များက ပြောသည်။ 

အသက် (၄၆) နှစ်အရွယ် အမျိုးသားတစ်ဦးလည်း အလားတူဖြစ်ရပ်ကြောင့် သေဆုံးခဲ့ပြီး အသက် (၇၀) ကျော် အမျိုးသမီးတစ်ဦးမှာ ကမ်းခြေတဲအိမ်၏အမိုး လွင့်ထွက်လာပြီးနောက် ၎င်း၏ကားကို ထိခိုက်မှုအတွင်း သေဆုံးခဲ့သည်။

 

အခြား သေဆုံးသူ (၂) ဦးမှာ အသက် (၆၂) နှစ်အရွယ် ငါးဖမ်းသမားနှင့် အသက် (၆၀) နှစ်အရွယ် လှေလှော်ထွက်သည့် အမျိုးသမီးတိုဖြစ်ပြီး ပင်လယ်ပြင်တွင် သေဆုံးခဲ့ကြကြောင်း သိရသည်။ 

Corsica ကျွန်းကိုတွင် မုန်တိုင်းတိုက်ခတ်မှုအတွင်း လူ (၂၀) ဦး ဒဏ်ရာရခဲ့ကြောင်းနှင့် (၄) ဦးမှာ ဒဏ်ရာပြင်းထန်ကြောင်း ထိုကျွန်းကို လာရောက်ခဲ့သည့် ပြင်သစ်ပြည်ထဲရေးဝန်ကြီး  Minister Gérald Darmanin က ပြောသည်။

မုန်တိုင်းကြောင့် Corsica ကျွန်းပေါ်ရှိ စခန်းချနေရာများမှ လူဦးရေ (၁၃,၀၀၀) နီးပါးကို ညပိုင်းတွင် အပျက်အစီးများ ပိုမိုဖြစ်ပေါ်နိုင်မည်ဟု ခန်မှန်းထားမှုအရ ဩဂုတ်လ (၁၈) ရက်နေ့ ညနေပိုင်းတွင် အများပြည်သူဆိုင်ရာ အဆောက်အအုံများသို့ ရွှေ့ပြောင်းခဲ့ကြရသည်။ 

သို့သော် ဩဂုတ်လ (၁၉) ရက် နံနက်ပိုင်းတွင်မူ ယမန်နေ့ညက ကြီးကြီးမားများ ပျက်စီးမှုများမရှိခဲ့ကြောင်း အာဏာပိုင်များက ပြောသည်။

မျက်မြင်ကိုယ်တွေ့ ကြုံခဲ့ကြရသူများ၏ အဆိုအရ မုန်တိုင်းတိုက်မည်ဟု လုံးဝ မမျှော်လင့်ထားကြောင်းနှင့် သတိပေးထုတ်ပြန်ချက် မရှိခဲ့ကြောင်း သိရသည်။ 

"ဒီလောက်ကြီးမားတဲ့ မုန်တိုင်းမျိုး ဘယ်တုန်းကမှ မမြင်ခဲ့ဖူးဘူး။ ဒါက အပူပိုင်းမုန်တိုင်းလို့ ခင်ဗျား ထင်လိမ့်မယ်" ဟု Corsica ကျွန်းပေါ်ရှိ စားသောက်ဆိုင်ပိုင်ရှင်Cedric Boell က Reuters သတင်းဌာနကို ပြောသည်။ 

မုန်တိုင်းကြောင့် ပြင်သစ်တောင်ပိုင်းဒေသအချို့တွင် လျှပ်စစ်ဓာတ်အားပြတ်တောက်မှု ဖြစ်ပေါ်ခဲ့ပြီး နိုင်ငံ၏ ဒုတိယမြို့တော် မာဆေးလ်မြို့တွင် လမ်းမများ ရေနစ်မြုပ်ခဲ့ကြောင်း သိရသည်။

ဩစတြီးယားနိုင်ငံတွင်လည်း မုန်တိုင်းတိုက်ခတ်စဥ် Carinthia နယ်မြေရှိ ရေကန်တစ်ကန်အနီး သစ်ပင်လဲကျမှုကြောင့် အသက် (၄) နှစ်နှင့် (၈) နှစ်အရွယ် မိန်းကလေး (၂) ဦး သေဆုံးခဲ့သည်။ 

ထို့အပြင် Lower Austria ပြည်နယ်တွင် သစ်ပင်လဲကျမှုကြောင့်ပင် အမျိုးသမီး (၃) ဦး သေဆုံးခဲ့သည်။ 

ဩစတြီးယားအာဏာပိုင်များ၏ ထုတ်ပြန်မှုအရ ကလေးငယ် (၅) ဦး အပါအဝင် လူ (၁၃) ဦး ဒဏ်ရာရခဲ့ကြောင်း သိရသည်။

ထိုအတောအတွင်း အီတလီနိုင်ငံ Tuscany နယ်မြေတွင် သီးခြားစီဖြစ်ပွားသည့် သစ်ပင်လဲကျမှုများကြောင့် အမျိုးသားတစ်ဦးနှင့် အမျိုးသမီးတစ်ဦး သေဆုံးခဲ့သည်။ 

အီတလီနိုင်ငံ ဗင်းနစ်မြို့တဝန်း လေပြင်းတိုက်မှုများ ဖြစ်ပေါ်ခဲ့ပြီး St Mark's Square ရင်ပြင်တစ်လျှောက် ဖွင့်လှစ်ရောင်းချသည့် ကော်ဖီဆိုင်များ၏ ထီးအမိုးများ လွင့်ထွက်ခဲ့ပြီး St Mark's Basilica ဘုရားကျောင်း၏ ခေါင်းလောင်းမျှော်စင်မှ အင်္ဂတေများ ကွာကျခဲ့သည်။

ရာသီဥတုဖောက်ပြန်မှုကြောင့် ပြင်းထန်သော မုန်တိုင်းများ ပို၍ မကြာခဏ ဖြစ်ပေါ်လာကြောင်း သိပ္ပံပညာရှင်များက ပြောထားသည်။ 

အီတလီတောင်ပိုင်းတွင်မူ အပူလှိုင်း ဆက်လက်ဖြစ်ပေါ်နေပြီး Sicily နယ်မြေတွင် အပူချိန်များ (၄၀) ဒီဂရီဆဲလ်စီးယပ်အထိ မြင့်တက်ခဲ့ကြောင်း သိရသည်။ 

ဥရောပ၏ နေရာအများအပြားတွင် ပူပြင်းခြောက်သွေ့သည့် မိုးလေဝသအခြေအနေကို ရက်သတ္တပတ်များကြာ ကြုံတွေ့နေကြရသည်။

Source: BBC