ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်တွင် မုန်တိုင်းတိမ်းရှောင်သူ (၁၅,၀၀၀) ကျော် ရောက်ရှိနေပြီဖြစ်ကြောင်း ကယ်ဆယ်ရေး ကူညီလုပ်ဆောင်ပေးနေသူများထံမှ သိရသည်။
မုန်တိုင်းသတိပေးချက်များ ရရှိပြီးနောက် ကမ်းခြေအနီးရှိကျေးရွာများမှ ဒေသခံများ တိမ်းရှောင်လာကြခြင်းဖြစ်ပြီး မင်းပြားမြို့ပေါ်တွင် လူဦး ရေ (၃,၀၀၀)ကျော်အထိ ရှိနေသည်ဟု ဆိုသည်။
"မင်းပြားမြို့ပေါ်နဲ့ စပ်ဆက် ပေါက်တောမြို့နယ်ရွာတွေက ဒေသခံတွေလည်း တိမ်းရှောင်လာကြတယ်။ နောက်ပြီး မြေပုံမြို့နယ် ကျေးရွာတွေက မင်းပြားမြို့နယ်တောင်ပိုင်း ကုန်းမြင့် ကြက်စင်ကျွန်းလို့ ခေါ်တဲ့ မင်းပြားမြေပုံကားလမ်းပေါ်မှာရှိတဲ့ ရွာတွေကိုလာကြတာ အဲဒီမှာ လူ (၁၀,၀၀၀) ကျော် ဖြစ်နေပြီ။"ဟု ကူညီပေးနေသူ တစ်ဦးက Tachileik News Agency ကို ပြောသည်။
လက်ရှိ ညပိုင်းတွင် မိုးရွာနေပြီး လေအနည်းငယ်တိုက်ကာ မုန်တိုင်းရှောင်ပြောင်းရွေ့လာသူများလည်းရှိနေသေးပြီး မေလ(၁၄)ရက်နေ့တွင် လူဦးရေ (၂၀,၀၀၀) ကျော်အထိ ရှိလာနိုင်သည်ဟု ဆိုသည်။
ရခိုင်ပြည်နယ်အတွင်း မြို့နယ်များအနက် မြို့နယ်(၇)ခုဖြစ်သည့် စစ်တွေ၊ ပေါက်တော၊ မောင်တော၊ ရသေ့တောင်၊ မြေပုံနှင့်ကျောက် ဖြူ၊ မာန်အောင်မြို့နယ်တို့ကို အနီရောင်အဆင့်ဒေသများအဖြစ် သတိပေးထုတ်ပြန်ထားသည်။
မိုးဇလပညာရှင် ဦးဝင်းနိုင်က စစ်တွေမြို့၊ ကျောက်ဖြူမြို့၊ တောင်ကုတ်မြို့၊ မအီ စသည့်မြို့နယ်များနှင့် ရခိုင်ကမ်းရိုတန်း စစ်တွေအနီးဒေသများကို လှိုင်းလုံးကြီးများဝင်ရောက်လာနိုင်သည်ဟု ပြောဆိုထားသည်။