ရမည်းသင်းမြို့နယ် မိုးထိမိုးမိ ရွှေလုပ်ကွက်အနီးရှိ ကျေးရွာများ ရွာလုံးကျွတ်ပျောက်သွား ကနဦးတွင်လူ ၈၀ ကျော် ပျောက်နေကာ ၃၀ ကျော်သာ ပြန်ရှာတွေ့ 

ရမည်းသင်းမြို့နယ် မိုးထိမိုးမိ ရွှေလုပ်ကွက်အနီးရှိ ကျေးရွာများ ရွာလုံးကျွတ်ပျောက်သွား ကနဦးတွင်လူ ၈၀ ကျော် ပျောက်နေကာ ၃၀ ကျော်သာ ပြန်ရှာတွေ့ 
စက်တင်ဘာ 13, 2024 | အခြားဒေသများ

မန္တလေးတိုင်း ရမည်းသင်းမြို့နယ် မိုးထိမိုးမိ ရွှေလုပ်ကွက်အနီးရှိ ကျေးရွာများ တောင်ကျရေတိုက်စားပြီး မြေပြိုကျခြင်းကြောင့် ရွာလုံးကျွတ်ပျောက်ဆုံးကာ လူအသေအပျောက်များကြောင်း ဒေသခံများထံမှ သိရသည်။ 

"ရွာပျောက်တယ်ဆိုတာက သပြေပင်ရွာ၊ တဲကြီးစုရွာ၊ ချောင်းဖျားရွာတွေက ရွှေတောတောင်အနီးကရွာတွေပါ။ သပြေပင် နဲ့ ချောင်းဖျားရွာ အထိများတယ်။ သပြေပင်မှာတော့ အလောင်းတွေ အတိအကျ ရှာမတွေ့သေးပါဘူး။"ဟု ဒေသခံတစ်ဦးက Tachileik News Agency ကိုပြောသည်။



မြေပြိုကျခြင်းကြောင့် ရွာများမြေပိကာ ပျောက်ဆုံးသွားခြင်းဖြစ်ပြီး လက်ရှိတွင် နေအိမ် တစ်အိမ်၊ နှစ်အိမ်ဝန်းကျင်သာ ကျန်တော့သည့် အခြေအနေဖြစ်သည်ဟု သိရသည်။ 

"တောင်ခြေမှာ ရှာတွေ့တာက ချောင်းရေထဲမျောလာတဲ့ သူတွေပဲရှာတွေ့တာပါ။ တောင်ကျရေကြောင့် ရွာတည်ထားတဲ့ မြေပြိုတာပါ။ အကုန်မပျောက်ပါဘူး။ တချို့အိမ်တွေကျန်ပါတယ်။ အတိအကျမသိရတာက အခုချိန်ထိ စာရင်းကောက်ယူတာမျိုး မရှိသေးဘူး။"ဟု ၎င်းက ဆက်ပြောသည်။ 

ပျောက်ဆုံးသွားသည့်ရွာများမှာ ရွာကြီးများဖြစ်ပြီး ရွှေလုပ်သားများနှင့် ဒေသခံများ နေထိုင်ကြသည်ဟု သိရသည်။ 

"အသေအပျောက်ကတော့များပါတယ်။ ဘယ်အိမ်တွေပါသွားတယ်။ မိသားစုဝင်ဘယ်လောက်ဆိုတာ သိရဖို့ စာရင်းကောက်ယူတာမျိုး မလုပ်နိုင်သေးပါဘူး။"ဟု ၎င်းကဆက်ပြောသည်။

ဒေသခံတချို့ကမူ လူဦးရေ(၈၀)ကျော် ပျောက်ဆုံးနေပြီး (၃၀)ကျော်၏ အလောင်းများကို ပြန်တွေ့ပြီဟု ဆိုသည်။

"လူ ၇၀၀ လောက်ပျောက်သွားတဲ့သတင်းတော့ မရထားပါဘူး။ ကျွန်မတို့သိတာက ၈၀ ကျော်ပေါ့နော်။ လူ ၇၀၀ လောက်တော့ မဖြစ်နိုင်ဘူးထင်တာပဲ။ ဘာလို့လဲဆို ညခင်းဘက်မှာ ရေတက်လာတော့ ပြောင်းရွှေ့ကြနဲ့ဆိုတော့ ကျွန်မတို့ အတိတကျရတာက လူ ၁၀၀ ကျော်လောက်ပဲ။"ဟု ဒေသခံတစ်ဦးက Tachileik News Agency ကိုပြောသည်။ 

အသက်ရှင်ကျန်ရစ်သူများမှာ ဘုန်းကြီးကျောင်း၊ ကယ်ဆယ်ရေးများနှင့်ပါသွားခြင်းကြောင့် လွတ်မြောက်ခဲ့သည်ဟု သိရသည်။

"သပြေပင်ထက် ချောင်းဖျားက အထိနာတယ်။ ချောင်းဖျား ရွှေတူးတဲ့သူတွေရှိတဲ့နေရာဆိုတော့ ရွာကလည်းတောင်ခြေမှာဆိုတော့ သေဆုံးလူအရေအတွက်တော့ မသိရသေးဘူး။"ဟု ၎င်းကဆက်ပြောသည်။

လက်ရှိတွင် ရွာများမှာ တောင်ခြေတွင်တည်ရှိသလို လမ်းများမှာလည်း ရေတိုက်စားမှုကြောင့် ပျက်စီးခဲ့ရသည့်အတွက် သွားရေးလာရေး ခက်ခဲနေသည်ဟု သိရသည်။

#TachileikNewsAgency

Photo : CJ