ဖြူးမြို့နယ် ညောင်ပင်သာမြို့ ရွာလယ်ဘုန်းကြီးကျောင်းတွင် စခန်းချနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ဒရုန်းဖြင့် ဗုံးသီးပစ်ချတိုက်ခိုက်

ဖြူးမြို့နယ် ညောင်ပင်သာမြို့ ရွာလယ်ဘုန်းကြီးကျောင်းတွင် စခန်းချနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ဒရုန်းဖြင့် ဗုံးသီးပစ်ချတိုက်ခိုက်

ပဲခူးတိုင်း တောင်ငူခရိုင် ဖြူးမြို့နယ် ညောင်ပင်သာမြို့ အရှေ့ဘက်မြို့မ (၃)လမ်းနှင့် မြို့မ (၂)လမ်းအဆုံရှိ ရွာလယ်ဘုန်းကြီးကျောင်းတွင် စခန်းချနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ဒရုန်းဖြင့် ဗုံးသီးပစ်ချတိုက်ခိုက်ကြောင်း ဖြူးမြို့နယ် ပကဖထံမှ သိရသည်။

ဖြူးမြို့နယ် ညောင်ပင်သာမြို့ အရှေ့ဘက်မြို့မ (၃)လမ်းနှင့် မြို့မ (၂) လမ်းအဆုံရှိ ရွာလယ်ဘုန်းကြီးကျောင်းတွင် စခန်းချနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များအား သြဂုတ်လ (၃)ရက်နေ့ နံနက် (၅)နာရီခန့်နှင့် (၅)နာရီခွဲခန့်တို့တွင် ဖြူးမြို့နယ် ပကဖ ဒရုန်းတပ်ဖွဲ့မှ ဒရုန်းဖြင့် (၂) ကြိမ် ဗုံးသီးပစ်ချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

သြဂုတ်လ (၃)ရက်နေ့ နေ့လယ် (၂)နာရီခန့်နှင့် (၂)နာရီခွဲခန့်တွင်လည်း အဆိုပါ ညောင်ပင်သာမြို့ ရွာလယ်ဘုန်းကြီးကျောင်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များအား ဖြူးမြို့နယ် ပကဖ ဒရုန်းတပ်ဖွဲ့မှ ဒရုန်းဖြင့် ဒုတိယအကြိမ် ဗုံးသီးပစ်ချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

တိုက်ခိုက်မှုကြောင့် စစ်ကောင်စီဘက်မှ ထိခိုက်မှုများရှိခဲ့ပြီး ဒဏ်ရာရရှိသူများထဲတွင် ဆေးရုံတင်ထားရသူများလည်းရှိကြောင်း ဖြူးမြို့နယ် ပကဖက ဆိုသည်။

တိုက်ခိုက်မှုအတွင်း စစ်ကောင်စီဘက်မှ ဒရုန်းဖြင့် ကောင်တာပြန်လည်တိုက်ခိုက်ခဲ့ပြီး ညောင်ပင်သာမြို့အရှေ့ဘက် အုန်းပင်စုကျေးရွာအနီးတွင် ကျရောက်ပေါက်ကွဲခဲ့ကာ လက်နက်ကြီးများဖြင့်လည်း ညောင်ပင်သာမြို့အထွက်နှင့် အင်ပင်သာရွာဘက်များသို့ ပစ်ခတ်ခဲ့ကြောင်း သိရသည်။

ဖြူးမြို့နယ် ပကဖသည် ပြီးခဲ့သည့် သြဂုတ်လ (၁)ရက်နေ့ကလည်း ကညွတ်ကွင်းမြို့အရှေ့ဘက်ရှိ ကွင်းဝိုင်းကျေးရွာတွင်နေထိုင်သည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ လှည့်ကင်းဆောင်ရွက်နေစဉ် ဒရုန်းဖြင့် ဗုံးသီးပစ်ချတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်မှ ထိခိုက်မှုများရှိခဲ့ကြောင်း သိရသည်။

#TachileikNewsAgency