ဆူဒန်နိုင်ငံတွင် စစ်တပ်နှင့် အရန်တပ်ဖွဲ့ကြား တိုက်ပွဲဖြစ်ပွားနေမှု (၁၅) ပတ်အတွင်း လူပေါင်း (၅၀၀) ကျော် သေဆုံးပြီး ဒဏ်ရာရသူ (၄၀,၀၀၀)ကျော်ရှိနေ

ဆူဒန်နိုင်ငံတွင် စစ်တပ်နှင့် အရန်တပ်ဖွဲ့ကြား တိုက်ပွဲဖြစ်ပွားနေမှု (၁၅) ပတ်အတွင်း လူပေါင်း (၅၀၀) ကျော် သေဆုံးပြီး ဒဏ်ရာရသူ (၄၀,၀၀၀)ကျော်ရှိနေ
By Mr John

 စစ်တပ်က အာဏာသိမ်းထားသည့် ဆူဒန်နိုင်ငံတွင်  ပြည်သူ့စစ်များဖြင့် ဖွဲ့စည်းထားသည့် နိုင်ငံ၏ အဓိကအရန်တပ်ဖွဲ့နှင့် စစ်တပ်တို့ အာဏာလွန်ဆွဲမှုအဖြစ် တိုက်ပွဲပြင်းထန်နေရာ ဧပြီလ(၃၀)ရက်နေ့အထိ (၁၅)ရက်အတွင်း သေဆုံးသူ (၅၀၀)ကျော်ရှိနေပြီး ဆက်လက်၍လည်း တိုက်ပွဲများ ပြင်းထန်နေလျက်ရှိကြောင်း သိရသည်။

စစ်တပ်နှင့် အရန်တပ်ဖွဲ့တို့ကြား အပစ်အခတ်ရပ်စဲမှုကို (၇၂) နာရီ တိုးချဲ့သတ်မှတ်ကြောင်း ဧပြီလ (၂၈) ရက်နေ့တွင် ကြေညာခဲ့ကြသော်လည်း တိုက်ခိုက်မှုများ ဆက်လက် ဖြစ်ပွားနေပြီး ခါတွန်မ်မြို့နှင့် ကပ်လျက်မြို့များဖြစ်သည့် Bahri နှင့် Ombdurman မြို့တို့တွင် လေကြောင်းတိုက်ခိုက်မှု၊ တင့်ကားများနှင့် အမြောက်များဖြင့် ပစ်ခတ်တိုက်ခိုက်မှုများ ရှိနေကြောင်း သိရသည်။

ဆူဒန်တွင် ၂၀၂၃ခုနှစ်  ဧပြီလ (၁၅) ရက်နေ့က စတင်ဖြစ်ပွားခဲ့သည့် အာဏာသိမ်း စစ်တပ်နှင့် အရန်တပ်ဖွဲ့ Rapid Support Forces (RSF) တို့ကြား အကြမ်းဖက် တိုက်ခိုက်မှုများကြောင့် လူပေါင်း ရာနှင့်ချီ သေဆုံးခဲ့ပြီး ထောင်ပေါင်းများစွာ နေအိမ်စွန့်ခွာ ထွက်ပြေးခဲ့ကြရပြီး နိုင်ငံတကာက ထောက်ခံထားသည့် ဒီမိုကရေစီ ရွေးကောက်ပွဲများ ကျင်းပရန် အကူးအပြောင်းကို လမ်းကြောင်း လွဲသွားစေခဲ့သည်။

(၁၅)ရက်ကြာ တိုက်ပွဲများကြောင့် အနည်းဆုံး လူ (၅၁၂) ဦး သေဆုံးပြီး (၄,၂၀၀) နီးပါး ဒဏ်ရာရခဲ့ကြောင်း ကုလသမဂ္ဂ၏ စာရင်းများအရ သိရှိရသည်။ 

တိုက်ခိုက်မှုများကြောင့် အမှန်တကယ် သေဆုံးသူအရေအတွက်မှာ ယခုထက်များစွာ ပိုများနိုင်ကြောင်းလည်း ကုလသမဂ္ဂက ယူဆထားသည်။ 

တိုက်ခိုက်မှုများ၏ ပထမဆုံး သီတင်းပတ်မှာပင် ဆူဒန်နိုင်ငံအတွင်း နေအိမ်စွန့်ခွာ ရွှေ့ပြောင်းရသူ (၇၅,၀၀၀) ကျော်ရှိခဲ့ကြောင်း ကုလသမဂ္ဂက ပြောသည်။

ခါတွန်မ်မြို့တော်တွင် ဆေးရုံများ၏ (၁၆) ရာခိုင်နှုန်းကသာ ပုံမှန်လုပ်ငန်းဆောင်ရွက်နိုင်ကြောင်းလည်း သိရသည်။ 

ပြည်ပအင်အားကြီး နိုင်ငံများ၏ ညှိနှိုင်းမှုအရ သဘောတူညီခဲ့သည့် စစ်တပ်နှင့် အရန်တပ်ဖွဲ့ကြား ယခုနောက်ဆုံး အပစ်အခတ် ရပ်စဲမှုမှာ ဒေသစံတော်ချိန် ဧပြီလ (၃၀) ရက် ညသန်းခေါင်အချိန်အထိ ဖြစ်သည်။

အပစ်အခတ် ရပ်စဲထားမည်ဟု ကြေညာထားသည့် ရက်များတွင် တိုက်ခိုက်မှုများ ဆက်ရှိနေခြင်းနှင့် ပတ်သက်၍ အပစ်အခတ်ရပ်စဲမှုကို ချိုးဖောက်ကြောင်း စစ်တပ်နှင့် RSF တို့က အပြန်အလှန် စွပ်စွဲပြောဆိုနေကြောင်း သိရသည်။

Source: Reuters

Photo: REUTERS/ Stringer, Maxar, Reutesr / UK MOD, AP/Marwan Ali