ဗီယက်နမ်တွင် စံချိန်တင် အကြီးမားဆုံး ငွေကြေးလိမ်လည်မှုဖြင့် အိမ်ခြံမြေလုပ်ငန်းရှင် သူဌေးမကြီး သေဒဏ်ချမှတ်ခံရ

ဗီယက်နမ်တွင် စံချိန်တင် အကြီးမားဆုံး ငွေကြေးလိမ်လည်မှုဖြင့် အိမ်ခြံမြေလုပ်ငန်းရှင် သူဌေးမကြီး သေဒဏ်ချမှတ်ခံရ
By Mr John

ဗီယက်နမ်နိုင်ငံ၏ စံချိန်တင် အကြီးမားဆုံးဖြစ်သည့် ဒေါင်ငွေ (၃၀၄) ထရီလီယံ (အမေရိကန်ဒေါ်လာ ၁၂.၅ ဘီလီယံ) ငွေကြေးလိမ်လည်မှုတွင် ပါဝင်ပတ်သက်မှုဖြင့် အိမ်ခြံမြေလုပ်ငန်းရှင် သူဌေးကြီး Truong My Lan ဆိုသူ အမျိုးသမီးကို တရားရုံးက ၂၀၂၄ ခုနှစ် ဧပြီလ (၁၁) ရက်နေ့တွင် သေဒဏ်ချမှတ်လိုက်ကြောင်း အစိုးရမီဒီယာက ပြောသည်။

သူမ၏ အမှုကို ၂၀၂၄ ခုနှစ် မတ်လ (၅) ရက်နေ့တွင် စတင် စစ်ဆေးကြားနာခဲ့ပြီး စီစဥ်ထားသည်ထက် စော၍ အပြီးသတ် အမိန့်ချမှတ်လိုက်ခြင်း ဖြစ်သည်။ 

အိမ်ခြံမြေလုပ်ငန်းရှင်  Truong My Lan ကို သေဒဏ်ချမှတ်လိုက်ခြင်းမှာ အာဏာရ ကွန်မြူနစ်ပါတီ Communist Party ၏ ခေါင်းဆောင် Nguyen Phu Trong က နှစ်ကာလရှည်ကြာ ကတိပြုထားခဲ့သော အဂတိလိုက်စားမှု တိုက်ဖျက်ရေး၏ ထင်ရှားသည့် ရလဒ်တစ်ခု ဖြစ်ခဲ့သည်။

ဗီယက်နမ်၏ စီးပွားရေးအချက်အချာ ဟိုချီမင်းမြို့တွင် ပြုလုပ်ခဲ့သော ကြားနာစစ်ဆေးမှုအရ  Van Thinh Phat Holdings Group အိမ်ခြံမြေလုပ်ငန်း၏ ဥက္ကဌဖြစ်သူ  Truong My Lan က အလွဲသုံးစားလုပ်မှု၊ လာဘ်ပေးလာဘ်ယူမှုနှင့် ဘဏ်စည်းမျဥ်းများကို ချိုးဖောက်မှုတို့တွင် ပြစ်မှုထင်ရှားကြောင်း တွေ့ရှိခဲ့သည်ဟု အစိုးရမီဒီယာက ပြောသည်။

မိသားစုဝင်တစ်ဦးကမူ ယခုပြစ်ဒဏ် မချမှတ်မီကပင်  Truong My Lan က ပြစ်ဒဏ်ကို အယူခံဝင်သွားမည်ဟု Reuters သတင်းဌာနကို ပြောထားခဲ့သည်။ 

အစိုးရရှေ့နေများကို ကိုးကားဖော်ပြမှုအရ  Truong My Lan က အပြစ်ရှိကြောင်း ဝန်ခံထွက်ဆိုထားခြင်း မရှိဟု အစိုးရမီဒီယာက ဖော်ပြလည်း သူမ အနေဖြင့် မည်သို့ လျှောက်လဲခဲ့သည်ကို အတိအကျ မသိရကြောင်း Reuters က ပြောသည်။

ယခု အမှုတွင် ကြံရာပါ တရားခံ (၈၄) ဦးကိုလည်း ထောင်ဒဏ် (၃) နှစ်မှ ထောင်ဒဏ်တစ်သက်အထိ ပြစ်ဒဏ်များ ချမှတ်ခဲ့ကြောင်း Thanh Nien သတင်းစာက ဖော်ပြသည်။ 

၎င်းတို့အနက်  Truong My Lan ၏ ခင်ပွန်း ဟောင်ကောင်မှ စီးပွားရေးလုပ်ငန်းရှင် Eric Chu ကို ထောင်ဒဏ် (၉) နှစ်နှင့် သူမ၏ တူမဖြစ်သူကို ထောင်ဒဏ် (၁၇) နှစ် ချမှတ်ခဲ့ကြောင်း သိရသည်။

 Truong My Lan နှင့် သူမ၏ ကြံရာပါများက Saigon Joint Stock Commercial Bank (SCB) ဘဏ်ကနေ ဒေါင်ငွေ (၃၀၄) ထရီလီယံကို လွှဲပြောင်းရယူခဲ့ကြောင်း စွပ်စွဲခံရသည်။ 

 Truong My Lan က SCB ဘဏ်ကို ကြားခံများမှတစ်ဆင့် ထိထိရောက်ရောက် ထိန်းချုပ်ထားခဲ့ကြောင်း စုံစမ်းစစ်ဆေးရေးမှူးများက ဆိုသည်။ 

၂၀၁၈ ခုနှစ် အစောပိုင်းမှ ၂၀၂၂ ခုနှစ်အထိ  Truong My Lan က ဥပဒေနှင့် မကိုက်ညီသော ကြီးမားသည့် ချေးငွေပမာဏကို အမည်ခံ ကုမ္ပဏီများထံ ထုတ်ချေးရန် စီစဥ်ခဲ့ကြောင်း စုံစမ်းစစ်ဆေးရေးမှူးများက ပြောသည်။

 

Source: Reuters