စစ်အာဏာသိမ်းမှုကြောင့် အထွေထွေအကျပ်အတည်း ကြုံနေရသည့် မြန်မာနိုင်ငံမှ မလေးရှားနိုင်ငံသို့ လွန်ခဲ့သော (၂) လက ထွက်ပြေးလာခဲ့သည့် အသက် (၂၂) နှစ်အရွယ် ချင်းတိုင်းရင်းသူ မလျန်ဆန်းချင် (Lian San Ching) က သူမ၏ ပညာသင်ယူမှုများ ပြန်လည်စတင်နိုင်မှုအတွက် ကျေးဇူးတင်နေသည်။
"ကျွန်မ အင်္ဂလိပ်လို မပြောတတ်တော့ အလုပ်ရှာ မရခဲ့ဘူး။ ကျွန်မက မြန်မာပြည်မှာ (၁၀)တန်းအောင်ခဲ့ပေမဲ့ အင်္ဂလိပ်လို မပြောနိုင်ဘဲ ကျွန်မကိုယ်တိုင် ရပ်တည်ရေးအတွက်တောင် အဆင်မပြေခဲ့ဘူး" ဟု သူမက ဖွင့်ဟသည်။
"ကျွန်မ ကြိုးစားနေတယ်။ ကျွန်မ အင်္ဂလိပ်လို ပြောနိုင်ရင် ဘယ်နေရာမှာဖြစ်ဖြစ် အဆင်ပြေနိုင်မှာဖြစ်လို့ ကျွန်မ ဆက်လက် သင်ယူချင်ပါတယ်" ဟု လျန်ဆန်းချင်က ပြောသည်။
ကွာလာလမ်ပူမြို့ရှိ ချင်းဒုက္ခသည်မဟာမိတ်အဖွဲ့ Alliance of Chin Refugees (ACR) ၏ သင်ကြားရေးစင်တာ အကြီးအကဲ Bella CIng Kop Khan က လျန်ဆန်းချင်၏ ကြိုးစားမှုကို သဘောကျခဲ့ပြီး စင်တာတွင် ကျောင်းသူအဖြစ် လက်ခံခဲ့သည်။
သူမ၏ အတန်းဖော်များမှာ သူမထက် အသက် (၆) နှစ် ပိုငယ်ကြသူများဖြစ်သော်လည်း အဆင်ပြေသည်ဟု လျန်ဆန်းချင်က ဆိုသည်။
မလေးရှားတွင် စာသင်ကျောင်းများ၌ တက်ရောက်ခွင့်ရရန် ရုန်းကန်နေကြရသည့် သူမကဲ့သို့ အခြား ဒုက္ခသည်များထက် သူမက ပို၍ ကံကောင်းခဲ့သည်ဟု လျန်ဆန်းချင်က ပြောသည်။
မလေးရှားနိုင်ငံရောက် မြန်မာရွှေ့ပြောင်းသူများကြား ပညာသင်ကြားရေးအတွက် နေရာကန့်သတ်ချက်များရှိနေပြီး ပိုမိုငယ်ရွယ်သည့် ကလေးများကို ဦးစားပေးလေ့ရှိရာ ငယ်ရွယ်သော အရွယ်ရောက်ပြီးသူများမှာ ပညာသင်ကြားရန် အခက်ကြုံနေကြရသည်။
စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း (၂) နှစ်အတွင်း ထောင်နှင့်ချီသည့် မြန်မာကျောင်းသူ ကျောင်းသားများမှာ ပညာဆက်လက်သင်ကြားရန် အိမ်နီးချင်း နိုင်ငံများသို့ ထွက်ပြေးခဲ့ကြသည်။
စစ်အာဏာသိမ်းမှုကြောင့် မြန်မာနိုင်ငံ၏ တိုတောင်းသော ဒီမိုကရေစီစနစ်လည်း အဆုံးသတ်သွားခဲ့သည်။
အာဏာသိမ်းပြီးနောက် စစ်တပ်က ၎င်းတို့ကို ဆန့်ကျင်သူများအား အကြမ်းဖက် ဖိနှိပ်ခဲ့သည်။
စစ်အာဏာသိမ်းမှုကို လမ်းပေါ်ထွက် ဆန္ဒပြခဲ့ကြသည့် ကျောင်းသူ ကျောင်းသားများ အပါအဝင် အရပ်သားအများအပြားမှာ အသတ်ခံရခြင်း သို့မဟုတ် ဖမ်းဆီးခံရခြင်းများနှင့် ကြုံတွေ့ခဲ့ကြရသည်။
ပဋိပက္ခကြောင့် စာသင်ကျောင်းများ၊ ဆရာ/ဆရာမများနှင့် ကျောင်းသူ ကျောင်းသားများကို တိုက်ခိုက်မှုများရှိလာခဲ့ရာ အများအပြားက စာသင်ခန်းသို့ ပြန်လာရန် အလွန်ကြောက်ရွံ့ခဲ့ကြသည်။
အကူအညီပေးရေးအဖွဲ့အစည်း Save the Children ၏ ၂၀၂၂ ခုနှစ် ဇွန်လအတွင်း ထုတ်ပြန်ခဲ့မှုအရ မြန်မာနိုင်ငံရှိ ကလေးငယ် ထက်ဝက်မှာ ပုံမှန် ပညာသင်ကြားခွင့် ဆုံးရှုံးနေကြရကြောင်းနှင့် မတည်ငြိမ်မှုများ ဖြစ်ပေါခဲ့ပြီးနောက်ပိုင်း တစ်နိုင်ငံလုံးတွင် ကျောင်းအပ်နှံမှု (၈၀) ရာခိုင်နှုန်းအထိ လျော့နည်းသွားခဲ့ကြောင်း သိရသည်။
COVID-19 ကပ်ရောဂါနှင့် နောက်ဆက်တွဲ lockdown လုပ်မှုများကြောင့်လည်း စာသင်နှစ်များ ရပ်ဆိုင်းခဲ့ရသည်။
ထိုအခြေအနေများကြောင့် အခြား နိုင်ငံတစ်နိုင်ငံသို့ ထွက်ပြေးလာခဲ့သည့် မြန်မာကျောင်းသူ ကျောင်းသားများမှာ ပညာရေးတွင် နှစ်အနည်းငယ် နောက်ကျကျန်နေခဲ့သည်ဟု ဆိုသည်။
"သူတို့ အရမ်း အသက်ကြီးနေပြီလို့ သူတို့က ကိုယ့်ကိုယ်ကိုယ် ထင်နေကြတယ်။ သူတို့က အင်္ဂလိပ်စာကို တခြားသူတွေလို မသိကြဘူး။ အဲဒီ အားနည်းချက်တွေ အားလုံးကြောင့်ပဲ သူတို့ ကျောင်းပြန်တက်ဖို့ ကြောက်နေကြပေမဲ့ တချို့ကတော့ ကြိုးစားချင်ကြတယ်" ဟု Bella Cing Kop Khan က ပြောသည်။
ပညာဆက်လက်သင်ယူလိုကြသည့် မြန်မာဒုက္ခသည် ကျောင်းသူ ကျောင်းသား အများအပြားမှာ အခွင့်အလမ်းရရှိရန် အကန့်အသတ်ဖြစ်နေပြီး စာသင်ကျောင်းများတွင် လက်ခံနိုင်သည့် ကျောင်းသူ ကျောင်းသားအရေအတွက် လျော့နည်းလာနေသည်ဟု ဆိုသည်။
"ဒုက္ခသည် ကျောင်းသူ ကျောင်းသားက နည်းနည်းလေးပဲရှိတယ်။ မိဘတွေကတော့ ကလေး (၃) ယောက်၊ (၄) ယောက် ခေါ်လာကြတာပေါ့။ ကံမကောင်းစွာနဲ့ပဲ နေရာမရှိဘဲ စာသင်ခန်းက ပြည့်နေတော့ သူတို့ ကျောင်းမအပ်နိုင်ကြဘူး။ သူတို့အတွက် ကျွန်မ စိတ်မကောင်းဘူး" ဟု Bella Cing Kop Khan က ဖွင့်ဟခဲ့သည်။
မြန်မာနိုင်ငံမှ ထွက်ပြေးလာသော လူနည်းစု ရိုဟင်ဂျာများအတွက် အကျိုးအမြတ် မရှာသည့် အဖွဲ့အစည်းများက တည်ထောင်ထားသော စာသင်ကျောင်းများမှာလည်း အလားတူ ပြဿနာများကို ရင်ဆိုင်နေရသည်ဟု ဆိုသည်။
ကျောင်းနေအရွယ် ရိုဟင်ဂျာဒုက္ခသည် (၅၀,၀၀၀) မှ (၆၀,၀၀၀) စာသင်ကျောင်းတွင် နေရာရရှိပြီး ကျောင်းတက်ခွင့်ရရန် အပြိုင်အဆိုင် ကြိုးပမ်းကြရကာ လက်ခံနိုင်သည့် အရေအတွက်ထက် ကျောင်းတက်ခွင့်လျှောက်ထားမှုက ပိုများနေသည်။
၂၀၂၂ ခုနှစ် ဧပြီလတွင် မလေးရှားနယ်စပ်ဂိတ်များ ပြန်ဖွင့်ခဲ့ပြီးနောက် မြန်မာနိုင်ငံမှ ဒုက္ခသည်အရေအတွက် သိသာစွာ မြင့်တက်လာခဲ့သည်။
မြန်မာဒုက္ခသည်များမှာ မလေးရှားတွင် ပညာသင်ယူရန် အခွင့်အလမ်း မရှိမှုအပြင် အထောက်အထား စာရွက်စာတမ်းနှင့် အလုပ်အကိုင်ကိစ္စအတွက်လည်း ရုန်းကန်နေကြရသည်။
နိုင်ငံမှ ထွက်ပြေးလာကြသည့် မြန်မာနိုင်ငံသားများထံတွင် ခရီးသွားလာမှုဆိုင်ရာ စာရွက်စာတမ်း မရှိကြရာ မလေးရှားနိုင်ငံရှိ လူမှုအဖွဲ့အစည်းများက အသစ်ရောက်လာကြသည့် ထောင်နှင့်ချီသော ဒုက္ခသည်များကို ၎င်းတို့၏ အချက်အလက်များ ပုံနှိပ်ဖော်ပြထားသောကတ်များ ထုတ်ပေးထားသည်။
သို့သော် ထိုကတ်များမှာ တရားဝင် စာရွက်စာတမ်းများ မဟုတ်၍ဟု ဆိုကာ မလေးရှားအာဏာပိုင်များက အသိအမှတ်မပြုဟု ဆိုသည်။
မြန်မာဒုက္ခသည်များကို တရားဝင် အလုပ်လုပ်ကိုင်ရန်၊ ပညာသင်ယူရန် သို့မဟုတ် အစိုးရဆေးရုံများတွင် ဆေးကုသမှုခံယူရန် မလေးရှားအာဏာပိုင်များက ခွင့်မပြုပေ။
လူမှုအဖွဲ့အစည်းများက ထုတ်ပေးထားသည့် ကတ်ကိုင်ဆောင်ထားသူများကို အာဏာပိုင်များက ဒုက္ခသည်အဖြစ် အသိအမှတ်ပြုရုံမျှသာ ဖြစ်သည်။
လက်ရှိ မလေးရှားတွင် ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံး United Nations High Commissioner for Refugees (UNHCR) ထံ စာရင်းသွင်းထားသည့် ဒုက္ခသည် (၁၈၀,၀၀၀) ကျော်ရှိနေသည်။
ထိုဒုက္ခသည်များအနက် (၈၀) ရာခိုင်နှုန်းမှာ မြန်မာနိုင်ငံမှဖြစ်ပြီး အသက် (၁၈) နှစ်အောက် ကလေးအရေအတွက် (၅၀,၀၀၀) ပါဝင်ကြောင်း UNHCR ၏ စာရင်းများက ဖော်ပြသည်။
မလေးရှားအာဏာပိုင်များက တရားမဝင် ရွှေ့ပြောင်းလာသူများကို စီးနင်းရှာဖွေ ဖမ်းဆီးမှုများ ပြုလုပ်နေခဲ့သည်။
မလေးရှားဝန်ကြီးချုပ် အန်ဝါအီဗရာဟင်မ်က နိုင်ငံ၏ စီးပွားရေး ပြန်လည်ဦးမော့လာစေရေး တွန်းအားပေးရန် ပြည်ပအလုပ်သမား (၅၀၀,၀၀၀) ခေါ်ယူသွားမည်ဟု ရည်မှန်းထားရာ NGO အဖွဲ့အစည်း အများအပြားက မလေးရှားအစိုးရအနေဖြင့် ဒုက္ခသည်များ ပညာသင်ကြားရေးနှင့် လေ့ကျင့်ရေးတွင် ကူညီပေးရန်နှင့် ထိုမှသာ ၎င်းတို့ကို နိုင်ငံ၏ လုပ်သားအင်အားသို့ ခေါ်ယူနိုင်မည်ဟု တိုက်တွန်းပြောကြားခဲ့ကြသည်။
သို့သော် ပြည်ထဲရေးဝန်ကြီး Saiful Nasution ကမူ လက်ရှိတွင် ဒုက္ခသည်အဆင့်နှင့် ပတ်သက်၍ ဥပဒေများကို ပြင်ဆင်ရန် အစီအစဥ်မရှိဟု ဆိုသည်။
"ဒီနေ့အထိကတော့ ဒုက္ခသည်တွေကို အလုပ်လုပ်ခွင့်ပြုဖို့ အခြား ဦးစားပေးတွေရှိနေတာကြောင့် ဒုက္ခသည်နဲ့ ပတ်သက်တဲ့ ဥပဒေတွေက ဒီအတိုင်း ဆက်ရှိနေမှာပါ။ ဒါပေမဲ့ ဒီဟာက ကျွန်တော်တို့ လေ့လာသုံးသပ်ပြီး ဆောင်ရွက်ဖို့လိုတဲ့ ထိပ်တန်းအကြောင်းအရာတွေထဲက တစ်ခုဆိုတာ သေချာတယ်" ဟု မလေးရှားပြည်ထဲရေးဝန်ကြီးက မှတ်ချက်ပြုခဲ့သည်။
CNA က ဖော်ပြထားသည့် သတင်းဆောင်းပါးကို Tachileik News Agency က ဘာသာပြန်၍ ပြန်လည်ဖော်ပြပေးထားခြင်း ဖြစ်ပါသည်။
Source: CNA
Photo: CNA,