အီရန်နိုင်ငံ အရှေ့ပိုင်းတွင် ဇွန်လ (၈) ရက်နေ့ ဒေသစံတော်ချိန် နံနက်အစောပိုင်းက ခရီးသည်တင် ရထားတစ်စင်း လမ်းချော်မှုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ (၂၂) ဦး သေဆုံးပြီး (၈၇) ဦး ဒဏ်ရာရခဲ့ကြောင်း အစိုးရတာဝန်ရှိသူတွေက ပြောသည်။
ဇွန်လ (၈) ရက် ဒေသစံတော်ချိန် နံနက် (၅) နာရီခွဲအချိန်က တာဘတ်စ်မြို့ပြင်တွင် ရထား၏ တွဲ (၅) တွဲ လမ်းချော်တိမ်းမှောက်ခဲ့ခြင်း ဖြစ်သည်။
ရထာလမ်းချော်မှုအတွင်း ဒဏ်ရာရသူများကို ဆေးကုသရန်အတွက် အနီးအနားရှီ မြို့များသို့ ပို့ဆောင်ခဲ့ကြောင်း အီရန်အစိုးရမီဒီယာက ပြောသည်။
ဒဏ်ရာရသူများအနက် စိုးရိမ်ရသည့် အခြေအနေရှိသူတွေ ပါဝင်ခဲ့ရာ သေဆုံးသူအရေအတွက် တိုးလာနိုင်ကြောင်းလည်း အီရန်အစိုးရသတင်းဌာန IRNA က တောင်ပိုင်းခိုရာစန်ပြည်နယ် အုပ်ချုပ်ရေးဆိုင်ရာ တာဝန်ရှိသူ Seyyed Abolhassan Mirjalili ၏ ပြောကြားမှုကို ကိုးကားဖော်ပြသည်။
ရထားလမ်းချော်မှု ဖြစ်ပွားသည့်နေရာတွင် ကယ်ဆယ်ရေးအဖွဲ့ (၂၀)၊ အရေးပေါ်လူနာတင်ကား (၁၀) စီးနှင့် ရဟတ်ယာဥ် (၃) စီးဖြင့် ကယ်ဆယ်ရေးလုပ်ငန်း ဆောင်ရွက်ခဲ့သည်ဟု ဆိုသည်။
ခရီးသည် (၃၄၈) ဦး လိုက်ပါလာခဲ့သော ရထားမှာ Yazd မြို့သို့ ဦးတည်ခုတ်မောင်းလာစဥ် စတင်ထွက်ခွာလာသည့် တာဘတ်စ်မြို့မှ မိုင် (၃၀)အကွာ အရောက်တွင် မြေတူးစက်တစ်စီးနှင့် တိုက်မိပြီးနောက် လမ်းချော်သွားခဲ့ခြင်းဖြစ်ကြောင်း IRNA သတင်းက ပြောသည်။
အီရန်လခြမ်းနီအဖွဲ့က ဆိုရှယ်မီဒီယာတွင် တင်ထားသည့် ဓာတ်ပုံများအရ သဲကန္တာရနေရာတွင် တိမ်းမှောက်နေသည့် ရထားတွဲများကို တွေ့ရသည်။
အီရန်တွင် မိုင်ပေါင်း (၈,၇၀၀) ရှည်လျားသည့် ရထားလမ်းများ နိုင်ငံ၏ နေရာအနှံ့တွင် ဖောက်လုပ်ထားပြီး အမေရိကန်နိုင်ငံ တက္ကဆက်ပြည်နယ်၏ (၂) ဆခွဲခန့်လည်း ဖြစ်သည်။
ရထားပို့ဆောင်ရေးစနစ်ကို အီရန်နိုင်ငံတဝန်း အထူးသဖြင့် ကျေးလက်ဒေသများတွင် ခရီးသည်နှင့် ကုန်စည် ပို့ဆောင်ရာတွင် အသုံးပြုနေကြသည်။
အီရန်မြောက်ပိုင်းတွင် ၂၀၁၆ ခုနှစ်က ဖြစ်ပွားခဲ့သည့် ရထားတိုက်မှုတစ်ခုတွင်လည်း အနည်ဆုံး လူ (၄၃) ဦး သေဆုံးပြီး လူ (၁၀၀) ခန့် ဒဏ်ရာရခဲ့သည်။
အီရန်၏ အဆိုးဆုံး ရထားမတော်တဆမှု ဖြစ်ရပ်မှာ ၂၀၀၄ ခုနှစ်က သမိုင်းဝင် Neyshabur မြို့အနီး ဓာတ်ဆီ၊ ဓာတ်မြေဩဇာ၊ ဆာလ်ဖာနှင့် ဝါဂွမ်းများ တင်ဆောင်လာသည့် ရထားတစ်စင်း တိမ်းမှောက်ခဲ့မှုအတွင်း လူ (၃၂၀) ခန့် သေဆုံးပြီး အခြား လူ (၄၆၀) ဒဏ်ရာရခဲ့ကာ ကျေးရွာ (၅) ရွာ ပျက်စီးခဲ့သည့်ဖြစ်ရပ် ဖြစ်သည်။
အီရန်တွင် လူအသေအပျောက်များသည့် မတော်တဆမှုအဖြစ် မေလအတွင်းကလည်း နိုင်ငံ၏အနောက်တောင်ပိုင်းရှိ Abadan မြို့တွင် အဆောက်အအုံတစ်ခု ပြိုကျခဲ့ပြီး အနည်းဆုံး လူ (၄၁) ဦး သေဆုံးခဲ့ကြောင်း သိရသည်။
Source: Washington Post, CNN, Reuters