အီရန်နိုင်ငံတောင်ပိုင်းတွင် ပြင်းအား (၆.၁) အဆင့်ရှိ ငလျင်လှုပ်မှုကြောင့် အနည်းဆုံး လူ (၅) ဦး သေဆုံး

အီရန်နိုင်ငံတောင်ပိုင်းတွင် ပြင်းအား (၆.၁) အဆင့်ရှိ ငလျင်လှုပ်မှုကြောင့် အနည်းဆုံး လူ (၅) ဦး သေဆုံး
ဇူလိုင် 4, 2022 | နိုင်ငံတကာသတင်း
By Mr John

အီရန်နိုင်ငံတောင်ပိုင်းတွင် ပြင်းအား (၆.၁) အဆင့်ရှိ ငလျင်လှုပ်ခတ်မှုကြောင့် အနည်းဆုံး လူ (၅) ဦး သေဆုံးပြီး(၄၉) ဦး ဒဏ်ရာရခဲ့ကြောင်း အစိုးရသတင်းဌာနက ဖော်ပြသည်။ 

ထိုငလျင်လှုပ်ခဲ့သည့် ဧရိယာ၌ပင် ပြင်းအား (၆.၃) အထိရှိသော ငလျင် (၂) ခု အပါအဝင် နောက်ဆက်တွဲငလျင် (၂၄) ကြိမ်အထိ ထပ်မံ လှုပ်ခတ်ခဲ့သေးကြောင်းလည်း သိရသည်။ 

ဇူလိုင်လ (၂)ရက်နေ့၏ ဒေသစံတော်ချိန် နံနက် (၂) နာရီအချိန်က ပထမဆုံး လှုပ်ခတ်ခဲ့သည့် ပြင်းအား (၆.၁) အဆင့်ရှိ ငလျင်ကြောင့် အီရန်၏ ပင်လယ်ကွေ့ကမ်းရိုးတန်းအနီး Hormozgan ပြည်နယ်အတွင်းရှိ Sayeh Khosh ကျေးရွာတွင် သေဆုံးဒဏ်ရာရမှုနှင့် အပျက်အစီးများ ဖြစ်ခဲ့သည်။

ထိုနေ့ ဒေသစံတော်ချိန် နံနက် (၈) နာရီဝန်းကျင်အထိ နောက်ဆက်တွဲ ငလျင်လှုပ်မှုများ ဖြစ်ပေါ်ခဲ့ကြောင်း အီရန်အစိုးရ ရုပ်မြင်သံကြားသတင်းက‌ ပြောသည်။ 

"သေဆုံးဒဏ်ရာရသူ အားလုံးက ပထမငလျင်ကြောင့်ဖြစ်ပြီး နောက်ဆက်တွဲ ငလျင်တွေထဲက ပြင်းထန်တဲ့ ငလျင်နှစ်ခုကြောင့် ထိခိုက်သူမရှိခဲ့ပါဘူး။ ပထမငလျင်လှုပ်ပြီးနောက်ပိုင်း လူတွေက အိမ်အပြင်မှာ ရောက်နေခဲ့ကြပါပြီ" ဟု Bandar Lengeh ဒေသအုပ်လျုပ်ရေးမှူး Foad Moradzadeh က ပြောကြောင်း IRNAS သတင်းဌာနက ကိုးကားဖော်ပြသည်။ 

အရေးပေါ် ဌာန ပြောခွင့်ပုဂ္ဂိုလ် Mojtaba Khaledi က အီရန်အစိုးရ ရုပ်မြင်သံကြားသတင်းဌာကို ပြောကြားမှုအရ ငလျင်လှုပ်မှုအတွင်း ဒဏ်ရာရခဲ့သူ (၄၉) ဦးအနက် ထက်ဝက်မှာ ဆေးရုံဆင်းသွားပြီဟု ဆိုသည်။ 

ငလျင်လှုပ်ပြီးနောက် ရှာဖွေကယ်ဆယ်ရေး လုပ်ဆောင်မှု ပြီးဆုံးခဲ့ပြီဖြစ်ကြောင်း အီရန်အစိုးရအရာရှိတွေက ပြောသည်။ 

ငလျင်ကြောင့် ပင်လယ်ကွေ့ဒေသ သင်္ဘောနှင့် လေကြောင်းခရီးများ သက်ရောက်မှုမရှိခဲ့ကြောင်း Kish ကျွန်းမှ တာဝန်ရှိသူ Saeid Pourzadeh က ဆိုသည်။

အီရန်အစိုးရ ရုပ်မြင်သံကြားသတင်းတွေ ဖော်ပြမှုအရ နိုင်ငံအနောက်ပိုင်း Hormozgan ပြည်နယ်တွင် ပြီးခဲ့သည့် တစ်လအတွင်း ငလျင်လှုပ်မှု အကြိမ်ရေ (၁၅၀) ရှိခဲ့ကြောင်းလည်း သိရသည်။ 

ဘူမိဗေဒနှင့်ဆိုင်သော ပြတ်ရွေ့ကြောများ ဖြတ်သန်းဆုံတွေ့ရာ အီရန်တွင် မကြာသေးမီ နှစ်များအတွင်း ပြင်းထန်သော ငလျင်လှုပ်မှုများစွာ လှုပ်ခတ်ခဲ့သည်။ ၂၀၀၃ ခုနှစ်အတွင်း Kerman ပြည်နယ်တွင် ပြင်းအား (၆.၆) အဆင့်ရှိ ငလျင်တစ်ခု လှုပ်ခတ်ခဲ့စဥ် လူပေါင်း (၃၁,၀၀၀) သေဆုံးခဲ့ပြီး ရှေးဟောင်းမြို့ဖြစ်သည့် Bam မြို့ ပျက်စီးသွားခဲ့သည်။

Source: Reuters

Photo: West Asia News Agency