ဖိလစ်ပိုင်နိုင်ငံတွင် ကောလိပ်စာမေးပွဲအတွင်း ကျောင်းသူကျောင်းသားများက "စာခိုးချမှုတိုက်ဖျက်ရေး ဦးထုပ်များ" ဟု ခေါ်ကြသည့် ကိုယ်တိုင်လုပ် ခေါင်းဆောင်းပစ္စည်းမျိုးစုံကို ဝတ်ဆင်ထားကြသည့် ဓာတ်ပုံများက ဆိုရှယ်မီဒီယာပေါ် ပျံ့နှံ့နေပြီး ရယ်စရာဖြစ်နေခဲ့သည်။
Legazpi မြို့ရှိ ကောလိပ်တစ်ခုတွင် စာမေးပွဲဖြေဆိုနေစဥ် အခြားလူများ၏ အဖြေလွှာများကို ခိုးမကြည့်နိုင်ရန် ကျောင်းသူကျောင်းသားများ ခေါင်းဆောင်းဝတ်ဆင်ကြရန် မှာကြားခဲ့ကြောင်း သိရသည်။
ထိုမှာကြားမှုအရ ကျောင်းသူကျောင်းသား အများအပြားကလည်း ကတ်ထူပြားများ၊ ကြက်ဥထည့်ကတ်များနှင့် အခြား ပြန်အသုံးပြုနိုင်သည့် ပစ္စည်းများဖြင့် ကိုယ်တိုင်လုပ် ခေါင်းဆောင်းများ ဖန်တီးလာခဲ့ကြသည်။
၎င်းတို့၏ ဆရာမက BBC ကို ပြောကြားမှုအရ သူမ၏အတန်းတွင် ဂုဏ်သိက္ခာနှင့် ရိုးသားမှုရှိရေး သေချာစေရန် ပျော်စရာနည်းလမ်းတစ်ခုကို ရှာဖွေခဲ့သည်ဟု ဆိုသည်။
ခေါင်းဆောင်းဝတ်ဆင်ပြီး စာမေးပွဲဖြေဆိုစေခြင်းက အမှန်တကယ် ထိရောက်မှုရှိခဲ့ကြောင်း Bicol University College of Engineering မှ စက်မှုအင်ဂျင်နီယာဌာန၏ ပါမောက္ခ Mary Joy Mandane-Ortiz က ပြောသည်။
ထိုနည်းလမ်းဖြင့် စာမေးပွဲဖြေဆိုမှုကို အောက်တိုဘာလ တတိယပတ်တွင် စတင်ကျင်းပနေပြီး ရာနှင့်ချီသည့် ကျောင်းသူကျောင်းသားများ ဝင်ရောက်ဖြေဆိုကြသည့် နှစ်လယ် စာမေးပွဲများအတွက် အကောင်အထည်ဖော်ခဲ့သည်ဟု ဆိုသည်။
ပါမောက္ခ Mandane-Ortiz က ကနဦးတွင် စက္ကူဖြင့် ပြုလုပ်ထားသည့် ရိုးရှင်းသော ခေါင်းဆောင်းများ ပြုလုပ်ဝတ်ဆင်ကြရန် ပြောခဲ့ခြင်းဖြစ်သည်။
ဆရာမက ထိုင်းနိုင်ငံတွင် ယခင်နှစ်အချို့က အသုံးပြုခဲ့သည့် နည်းလမ်းတစ်ခုကို အတုယူခဲ့ခြင်း ဖြစ်သည်။
၂၀၁၃ ခုနှစ်က ဘန်ကောက်မြို့ရှိ တက္ကသိုလ်ကျောင်းသူကျောင်းသားများ ၎င်းတို့၏ ဘေးနှစ်ဖက်ကို ကြည့်၍မရနိုင်ရန် စာရွက်များကို ဦးခေါင်းတစ်ဖက်တစ်ချက်စီတွင် ကာရံထားပြီး စာမေးပွဲဖြေဆိုသည့် ဓာတ်ပုံများ ပျံ့နှံ့ခဲ့ဖူးသည်။
ပါမောက္ခ Mandane-Ortiz က ထိုနည်းလမ်းကို အတုယူပြီး သူမ၏ ကောလိပ်တွင် စာမေးပွဲဖြေဆိုမည့် ကျောင်းသူကျောင်းသားများကို ခေါင်းဆောင်းများ ပြုလုပ်စေခဲ့ခြင်း ဖြစ်သည်။
ကျောင်းသူကျောင်းသားများက ၎င်းတို့ စိတ်ကူးရှိသည့်အတိုင်း ခေါင်းဆောင်းများ ပြုလုပ်လာခဲ့ကြပြီး ဆိုင်ကယ်စီးဦးထုပ်များ သို့မဟုတ် ဟောလိုးဝင်းမျက်နှာဖုံးများလည်း ပါဝင်သည်ဟု ဆိုသည်။
Source: BBC
Photo: MARY JOY MANDANE-ORTIZ