မြန်မာအာဏာသိမ်းစစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ထိုင်းဘက်ရှိ လူနေအိမ်အချို့ထိခိုက်ပျက်စီး

Photo: เอก เกียรติศักดิ์ แม่สอด
Photo: เอก เกียรติศักดิ์ แม่สอด
မြန်မာအာဏာသိမ်းစစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ထိုင်းဘက်ရှိ လူနေအိမ်အချို့ထိခိုက်ပျက်စီး
ဇူလိုင် 2, 2022 | နိုင်ငံတကာသတင်း
By Tachileik News Agency

မြန်မာ - ထိုင်းနယ်စပ် ကရင်ပြည်နယ်ဘက်တွင် ရက်သတ္တပတ်တစ်ပတ်ကြာ တိုက်ခိုက်နေမှုအတွင်း မြန်မာအာဏာသိမ်းစစ်တပ်၏ လေကြောင်းမှတိုက်ခိုက်မှုများကို ထိုင်းနယ်စပ်ဘက်တွင်လည်း ထိခိုက်မှုများရှိနေပြီး ယမန်နေ့ညပိုင်းက ထိုင်းနိုင်ငံဘက်ခြမ်း နယ်စပ်ရှိ လူနေအိ (၃)လုံး ထိခိုက်ပျက်စီးသွားကြောင်း ထိုင်းသတင်းများတွင် ၂၀၂၂ ခုနှစ် ဇူလိုင်လ (၂) ရက်နေ့က ဖေါ်ပြထားသည်ကို တွေ့ရသည်။



ယမန်နေ့ညပိုင်းက မြန်မာအာဏာသိမ်းစစ်တပ်က တိုက်လေယာဉ်မှ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ထိုင်းနယ်စပ်ဘက်တွင် လူနေအေိမ်အချို့ထိခိုက်ပြီး လူသေဆုံးထိခိုက်မှုမရှိသော်လည်း မြန်မာဘက်တွင် ဒေသခံ (၂)ဦးသေဆုံးပြီး(၃)ဦးထက်မနည်းဒဏ်ရာရသည့်အပြင် ရာနှင့်ချီသည့် အရပ်သားများ ထိုင်းဘက်ကို ထွက်ပြေးကြရသဖြင့် ထိုင်းတာဝန်ရှိသူများက လူသားချင်းစာနာမှုအကူအညီများဖြင့် လက်ခံပေးထားသည်ဟု သိရသည်။ 



ကရင်ပြည်နယ်ဘက် ဥကရစ်ထစခန်းတိုက်ပွဲမှာ ရက်သတ္တပတ်တစ်ပတ်ကြာပြီဖြစ်သည့်  မြန်မာအာဏာသိမ်းစစ်တပ်က လေကြောင်းမှပါ အပြင်းအထန်တိုက်ခိုက်နေရာ ဇွန်လ (၃၀)ရက်နေ့ကလည်း ထိုင်းနယ်နမိတ်အတွင်းဘက်ကို မြန်မာအာဏာသိမ်းစစ်တပ်၏ တိုက်လေယာဉ်တစ်စီး ဖြတ်သန်းသွား၍ ထိုင်းဘက်ကို မြန်မာအာဏာသိမ်းစစ်တပ်က တောင်းပန်ထားရပြီးဖြစ်သည်။



အဆိုပါဖြစ်ရပ်ကြောင့် မြန်မာနယ်စပ်မှ ကျောင်းနှစ်ကျောင်းပိတ်လိုက်ရသည့်အပြင် ဒေသခံများမှာ ထိတ်လန့်နေကြရသဖြင့် ထိုင်းစစ်တပ်က နယ်စပ်ကင်းလှည့်ခြင်းကို အင်အားတိုးမြှင့်ထားသည့်အပြင် မြန်မာဘက်က ပြင်းထန်သည့်တိုက်ပွဲများအတွင်း ထိုင်းဘက်က မီးခိုးဗုံးများဖြင့် နယ်နမိတ်အချက်ပြခြင်းများကို ပြုလုပ်နေရကြောင်း သိရသည်။



တိုက်ပွဲဖြစ်ဧရိယာနှင့်နယ်စပ်ရှိ ထိုင်းဘက်ခြမ်းတွင် ထိတ်လန့်နေရသည့်ဒေသခံများအား ထိုင်းစစ်တပ်က နယ်စပ်ကင်းလှည့်ကာကွယ်ခြင်းအား တိုးမြှင့်ထားသည့်နည်းတူ ဆရာဝန်များလည်း စေလွှတ်မည်ဟု သိရသည်။



မြန်မာစစ်တပ်သည် ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ (၁)ရက်နေ့တွင် ပြည်သူ့ဆန္ဒမဲဖြင့်တင်မြှောက်ထားသည့် အစိုးရအားဖမ်းဆီးကာ နိုင်ငံ့အာဏာသိမ်းလိုက်ပြီး ရွေးကောက်ပွဲရလဒ်ကိုပါ ဖျက်ခဲ့ပြီးနောက် နိုင်ငံ့နေရာအနှံ့အပြားတွင် ၎င်းတို့အားဆန့်ကျင်သည့်ပြည်သူများအား နည်းမျိုးစုံဖြင့် တိုက်ခိုက်နေခြင်းဖြစ်သည်။