မြန်မာအကျပ်အတည်းကြောင့် ထိခိုက်ရသူများကို ကာကွယ်ပေးရန် မူဘောင်တစ်ရပ် ဖော်ဆောင်ရေး UN အထူးသံတမန်က အာဆီယံကို တောင်းဆို

 ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန် နိုလင်းဟေဇာ [ Photo: Ralph Bunche Institute ]
ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန် နိုလင်းဟေဇာ [ Photo: Ralph Bunche Institute ]
မြန်မာအကျပ်အတည်းကြောင့် ထိခိုက်ရသူများကို ကာကွယ်ပေးရန် မူဘောင်တစ်ရပ် ဖော်ဆောင်ရေး UN အထူးသံတမန်က အာဆီယံကို တောင်းဆို
ဖေဖော်ဝါရီ 3, 2023 | နိုင်ငံတကာသတင်း
By Mr John

 

မြန်မာနိုင်ငံတွင် စစ်တပ်အာဏာသိမ်းခဲ့ပြီးနောက် (၂) နှစ်အကြာ၌ နိုင်ငံနှင့် ပြည်သူများအပေါ် အကြီးအကျယ် ထိခိုက်ပျက်စီးစေသည့် သက်ရောက်မှုဖြစ်ခဲ့ကြောင်း ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ်၏ မြန်မာနိုင်ငံဆိုင်ရာ အထူးသံတမန် နိုလင်းဟေဇာက ပြောသည်။ 

ဒေါက်တာနိုလင်းဟေဇာက ကသောင်းကနင်းဖြစ်နေသည့် မြန်မာနိုင်ငံမှ အကျပ်အတည်း ကြုံနေရသော ထိခိုက်ခံစားရသူများကို ကူညီရန် ဒေသတွင်း အကာအကွယ်ပေးရေး မူဘောင်တစ်ရပ် ဖော်ဆောင်ရန် အာဆီယံအဖွဲ့ဝင် နိုင်ငံများနှင့် မြန်မာ၏ အိမ်နီးချင်းနိုင်ငံများကို စည်းရုံးသွားရန် စီစဥ်နေသည်။

"အာဆီယံအနေနဲ့ ဒုက္ခသည်တွေနဲ့ မဖြစ်မနေ နေရာရွှေ့ပြောင်းရသူတွေအတွက် ဒေသတွင်း အကာအကွယ်ပေးရေး မူဘောင်နဲ့ပတ်သက်ပြီး စတင်ဆွေးနွေးဖို့ လိုအပ်ပါတယ်။ ဖြစ်နိုင်မယ်ဆိုရင် အကြမ်းဖက်မှု စောင့်ကြည့်ဖို့နဲ့ အကြမ်းဖက်မှု လျှော့ချဖို့ စောင့်ကြည့်စနစ်တစ်ခုလည်း ဒေသတွင်းမှာရှိရပါမယ်" ကုလသမဂ္ဂ အထူးသံတမန်က CNA သတင်းဌာနကို ဇန်နဝါရီလ (၃၀) ရက်နေ့တွင် ပြောခဲ့သည်။

လူသားချင်းစာနာထောက်ထားမှု အကျပ်အတည်းကိစ္စနှင့် အာဏာသိမ်း စစ်အုပ်စုကို အကြမ်းဖက်မှုများ ရပ်တန့်ရန်၊ ပြည်သူလူထု၏ အသံကို နားထောင်ရန်နှင့် နိုင်ငံကို ဒီမိုကရေစီစနစ်သို့ ပြန်ရောက်ရှိစေရန် ဖိအားပေးရာတွင် နိုင်ငံတကာနှင့် ဒေသတွင်း အသိုင်းအဝိုင်းက ညီညွတ်မှုရှိကြရန်လည်း နိုလင်းဟေဇာက တိုက်တွန်းခဲ့သည်။

ကုလသမဂ္ဂ လုံခြုံရေးကောင်စီက ၂၀၂၂ ခုနှစ် ဒီဇင်ဘာလတွင် မြန်မာနှင့်ပတ်သက်၍ ဆယ်စုနှစ် (၇) ခုကျော် အတွင်း ပထမဆုံးအကြိမ် ဆုံးဖြတ်ချက်တစ်ရပ် ချမှတ်နိုင်ခဲ့ပြီး အကြမ်းဖက်မှု ရပ်တန့်ရန် တောင်းဆိုထားသည်။ 

အဆိုပါ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်က ညီညွတ်မှုရှိကြောင်း ပြသခြင်းဖြစ်သော်လည်း ထိုဆုံးဖြတ်ချက်၏ အသံများကို အရေးယူဆောင်ရွက်မှုအဖြစ် ပြောင်းလဲရန်လိုအပ်ကြောင်း နိုလင်းဟေဇာက အလေးထား ပြောကြားခဲ့သည်။

မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ (၁) ရက်နေ့ စစ်တပ်အာဏာသိမ်းမှုကြောင့် ဘက်ပေါင်းစုံ ချွတ်ခြုံကျနေပြီး ပြည်သူလူထုမှာ အကျပ်အတည်းမျိုးစုံကို ရင်ဆိုင်နေကြရသည်။ 

အာဏာသိမ်း စစ်အုပ်စုက ၎င်းတို့ကို ဆန့်ကျင်သူများအား အကြမ်းဖက်ဖြိုခွင်းခဲ့မှုနှင့်အတူ နိုင်ငံအနှံ့တွင် လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့များ ပေါ်ပေါက်လာပြီး တိုင်းရင်းသားလက်နက်ကိုင်များနှင့်အတူ စစ်အုပ်စုကို တော်လှန်တိုက်ခိုက်နေကြသည်။ 

စစ်အုပ်စုက အာဏာသိမ်းကာလ (၂) နှစ်အတွင်း ယခုအချိန်အထိ ပြည်သူ (၃,၀၀၀) နီးပါးကို သတ်ဖြတ်ခဲ့ကာ (၁၇,၀၀၀) ကျော်ကို ဖမ်းဆီးထိန်းသိမ်းခဲ့သည်။

Source: CNA