မိခင်ဖြစ်သူ ရင်သားကင်ဆာ ကုသရန်အတွက် ရွှံ့စေးအနုပညာလက်ရာများ ဖန်တီးရောင်းချပြီး ငွေရှာပေးနေသည့် (၁၀) နှစ်သားလေး

မိခင်နှင့်အတူ
မိခင်နှင့်အတူ
မိခင်ဖြစ်သူ ရင်သားကင်ဆာ ကုသရန်အတွက် ရွှံ့စေးအနုပညာလက်ရာများ ဖန်တီးရောင်းချပြီး ငွေရှာပေးနေသည့် (၁၀) နှစ်သားလေး
By Mr John

 ထိုင်းနိုင်ငံတွင် ရောင်စုံရွှံ့စေးဖြင့် ရုပ်ပုံများ ဖန်တီးရောင်းချပြီး မိခင်ဖြစ်သူ၏ ကင်ဆာရောဂါကုသမှု ကုန်ကျစရိတ်အတွက် ကူညီ၍ ငွေရှာပေးသူ အသက် (၁၀) နှစ်အရွယ် ယောက်ျားလေးတစ်ဦးကို ချင်းရိုင်းမြို့ရှိ ဘုရားဖြူကျောင်း ပိုင်ရှင် နာမည်ကျော် အနုပညာရှင်က အသိအမှတ်ပြု ချီးကျူးပြီး ၎င်း၏ ကျောင်းသားအဖြစ် လက်ခံထားကြောင်း သိရသည်။

ချင်းရိုင်းမြို့ရှိ (Wat Rong Khun - White Temple)ဘုရားဖြူကျောင်း တည်ထောင်သူနှင့်အတူ

 ရွှံ့စေးဖြင့် အနုပညာလက်ရာများ ဖန်တီးသူ (၁၀) နှစ်သားမှာ ပြည်နယ်ဆိုင်ရာ အာဏာပိုင်များ၏ အသိအမှတ်ပြုမှုကိုလည်း ရရှိထားသူ ဖြစ်သည်။

ဆူရတ်ဌာနီပြည်နယ် Muang ခရိုင်ရှိ Manitanukroh ကျောင်းမှ Grade 5 ကျောင်းသားဖြစ်သူ Methasit Boonphoei ကို ၎င်း၏ မိဘများအား ကူညီမှုအတွက် ပြည်နယ်အုပ်ချုပ်ရေးမှူး Wichawut Jinto Muang က ၂၀၂၃ခုနှစ် မေလ (၃၁) ရက်နေ့တွင် ဂုဏ်ပြုလက်မှတ် ပေးအပ်ခဲ့သည်။ 

 ပြည်နယ်အုပ်ချုပ်ရေးမှူး Wichawut Jinto Muang က ဂုဏ်ပြုစဉ်

Methasit မှာ ရွှံ့စေးဖြင့် ရုပ်ပုံဖန်တီးရာတွင် ထူးချွန်သူဖြစ်ပြီး ဆုများရရှိခဲ့ကြောင်းနှင့် ၎င်း၏ အနုပညာလက်ရာများကို ရောင်းချခြင်းဖြင့် မိခင်ဖြစ်သူ ရင်သားကင်ဆာကုသရန် မိသားစုအတွက် ငွေရှာပေးခဲ့ကြောင်း ပြည်နယ်အုပ်ချုပ်ရေးမှူးက ပြောသည်။

 ပြည်နယ်အုပ်ချုပ်ရေးမှူး Wichawut Jinto Muang နှင့် အဖွဲ့က ကြည့်ရှု့စဉ်

Khao Pan ဟုလည်း လူသိများသည့် Methasit က အသက် (၄၂) နှစ်အရွယ် ရာဘာခြံအလုပ်သမား ဖခင်နှင့် အသက် (၄၄) နှစ်အရွယ် မိခင်တို့နှင့်အတူ Kanchanadit ခရိုင်တွင် နေထိုင်သူဖြစ်ပြီး တစ်ဦးတည်းသောသားလည်း ဖြစ်သည်။ 

အသက် (၂) နှစ်အရွယ်တွင် ဗုဒ္ဓဘာသာ ပန်းပုလက်ရာများကို စိတ်ဝင်စားမှုရှိကြောင်း သားဖြစ်သူထံတွင် ပထမဆုံး တွေ့ရှိခဲ့ရသည်ဟု မိခင် Kannika Phutsri က ပြောသည်။

ဘုရားပုထိုးများသို့ သွားရောက်ကြစဥ်အတွင်း Methasit က ပန်းပုလက်ရာများကို အထူးစိတ်ဝင်စားခဲ့ကြောင်းနှင့် အိမ်တွင် ကလေးကစားစရာ ရွှံ့စေးဖြင့် ရုပ်ပုံများ စတင်ဖန်တီးခဲ့ကြောင်း သူမက ဆိုသည်။ 

၂၀၂၃ ခုနှစ် မေလ (၂) ရက်နေ့တွင် ချင်းရိုင်းပြည်နယ်ရှိ ဘုရားဖြူကျောင်း (Wat Rong Khun - White Temple) သို့ သွားရောက်ခဲ့စဥ် Methasit က ၎င်းနောက်ဆုံး ဖန်တီးထားသည့် ရွှံ့စေးအနုပညာလက်ရာကို  နာမည်ကြီးအနုပညာရှင် Chalermchai Kositpipat ထံ ပြသခဲ့သည်ပြီး ၎င်း၏အမြင်ကို မေးခဲ့သည်ဟု ဆိုသည်။

Chalermchai Kositpipat သည် ချင်းရိုင်းမြို့တွင် ကမ္ဘာ့ခရီးသွားများအကြား ထင်ပေါ်ကျော်ကြားသည့် ဘုရားဖြူကျောင်းကို ကိုယ်ပိုင်ငွေကြေးဖြင့် ပုံဖော်တည်ဆောက်ခဲ့သူဖြစ်ပြီး လက်ရှိတွင်လည်း အဆင် မွမ်းမံနေလျက်ရှိသူ ဖြစ်သည်။

Chalermchai က  Methasit ၏ ရွှံ့စေးအနုပညာလက်ရာကို မြင်တွေ့ရချိန်တွင် သဘောကျသွားခဲ့ကြောင်းနှင့် ၎င်း၏ ကျောင်းသားအဖြစ် ပညာသင်ယူရန် ဖိတ်ခေါ်ခဲ့ကြောင်း မိခင်ဖြစ်သူ Kannika က ပြောသည်။ 

Methasit မှာ ၎င်း၏ ကျွမ်းကျင်မှု တိုးတက်စေရန် တစ်ဦးတည်း လုပ်ဆောင်ခဲ့သူဖြစ်ပြီး မိသားစုကို ကူညီနေသူဖြစ်ကြောင်း ဆူရတ်ဌာနီပြည်နယ် အုပ်ချုပ်ရေးမှူးက ဆိုသည်။

Methasit က ၎င်းကိုယ်တိုင်၊ ၎င်း၏မိသားစု၊ ၎င်း၏စာသင်ကျောင်းနှင့် ၎င်း၏ပြည်နယ်ကို ဂုဏ်တက်စေသူဖြစ်ကြောင်းလည်း အုပ်ချူပ်ရေးမှူးက ပြောသည်။ 

Methasit မှာ စိတ်ထားကောင်းသူဖြစ်ပြီး မိဘများကို ကျေးဇူးဆပ်သူဖြစ်ကာ အခြား ကလေးများနှင့် လူငယ်များအတွက် စံနမူနာယူထိုက်သူဟုလည်း ဆူရတ်ဌာနီပြည်နယ် အုပ်ချုပ်ရေးမှူး Wichawut က ဆိုသည်။

ပြည်နယ်အုပ်ချုပ်ရေးမှူးက Methasit ကို စိတ်ဓာတ်ခွန်အားဖြစ်စေရန် ငွေလက်ဆောင်ပေးအပ်ခဲ့ပြီး အနုပညာအလုပ်တွင် အောင်မြင်စေရန်နှင့် အနာဂတ်တွင် ကောင်းမွန်သော လုပ်ဆောင်မှုများ ဆက်လက် လုပ်ဆောင်နိုင်စေရန် ဆုတောင်းပေးခဲ့သည်။ 

Methasit ၏ မိခင်မှာ ရင်သားကင်ဆာ ခွဲစိတ်ကုသခဲ့ရပြီး လက်ရှိတွင်လည်း ဓာတုကုထုံးဖြင့် ကုသမှုခံယူနေရဆဲဖြစ်ကြောင်း သိရသည်။

 

Source: Bangkok Post

Photo: โรงเรียนมานิตานุเคราะห์, สุรเดช รามเกิด i