ထိုင်းနိုင်ငံ၌ ကိုရိုနာဗိုင်းရပ်စ် ကူးစက်ခံရသူများထဲတွင် ထိုင်းနိုင်ငံသား (၄)ဦး ပါဝင်ကြောင်း ကျန်းမာရေးဌာနထုတ်ပြန်
ထိုင်းနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်(ဝူဟန်အဆုတ်ရောင်ရောဂါ)ကူးစက်ခံထားရသည့် တရုတ်နိုင်ငံသား ခရီးသွားများကိုသာ တွေ့ရှိနေရာမှ ထိုင်းနိုင်ငံတွင်းမှ ကူးစက်ခံရသူ ထိုင်းနိုင်ငံသား (၄)ဦးနှင့် တရုတ်ခရီးသွား (၂)ဦးကို တွေ့ရှိကြောင်း ၂၀၂၀ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၅)ရက်နေ့တွင် ထိုင်းကျန်းမာရေးဌာနက သတင်းထုတ်ပြန်သည်။
"အခုလက်ရှိ အခြေအနေက ရောဂါကူးစက်မှုရှိတဲ့ အခြေအနေ ဖြစ်နေပါပြီ။ နိုင်ငံခြားသားခရီးသွား အများအပြားရှိတဲ့နေရာတွေက ရောဂါကူးစက်နိုင်ချေရှိတဲ့နေရာဖြစ်နေပါပြီ"
ဟု ကူးစက်ရောဂါထိန်းချုပ်ရေးဌာန ညွန်ကြားရေးမှူးချုပ်က ပြောသည်။
တရုတ်နိုင်ငံသို့ သွားလာဖူးခြင်းမရှိသည့် ကိုရီးယားနိုင်ငံသူတစ်ဦးမှာ ထိုင်းနိုင်ငံမှ ပြန်လာပြီးနောက် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရသည်ကို အတည်ပြုပြီးနောက် ထိုင်းကျန်းမာရေးဌာနက ယင်းကဲ့သို့ ထုတ်ပြန်လာခြင်းဖြစ်သည်။
လက်ရှိတွင် အဆိုပါ ကိုရီးယားနိုင်ငံသူ ထိုင်းနိုင်ငံအတွင်း သွားလာနေထိုင်ခဲ့သည့်နေရာများ၊ ထိတွေ့ခဲ့သူများအား ကျန်းမာရေးစစ်ဆေးနိုင်ရန် အသေးစိတ်ဆက်သွယ်စုံစမ်းနေကြောင်း သိရသည်။
အဆိုပါ ကိုရီးယားနိုင်ငံသူမှာ ထိုင်းနိုင်ငံမှ ဇန်နဝါရီလ (၁၉)ရက်နေ့တွင် ပြန်သွားခဲ့ပြီးနောက် ဖျားနေခဲ့ရာ ဇန်နဝါရီလ (၂၅)ရက်နေ့အထိ မသက်သာသဖြင့် သီးသန့်ကုသပေးနေပြီး ကိုရီးယားနိုင်ငံတွင် (၁၆)ယောက်မြောက် အတည်ပြုလူနာဖြစ်လာကြောင်း သိရသည်။
ထိုင်းနိုင်ငံအနေဖြင့် ကိုရိုနာဗိုင်းရပ်စ်ကာကွယ်ကုသရေးနှင့် ပတ်သက်ပြီး လျင်လျင်မြန်မြန် တုန့်ပြန်ဆောင်ရွက်ခြင်းဖြင့် ကူးစက်ခံရမှု ထိန်းချုပ်နိုင်ရန် လုပ်ဆောင်ကြောင်း ကျန်းမာရေးဌာနက ပြောသည်။
ထိုင်းနိုင်ငံတွင် ကိုရိုနာဗိုင်းရပ်စ်ကူးစက်ခံထားရသူအရေအတွက်မှာ ဖေဖေါ်ဝါရီလ(၅)ရက်နေ့အထိ (၂၅)ဦးရှိနေပြီဖြစ်ပြီး ပြန်လည်ကျန်းမာသွားသူ (၈)ဦးရှိသွားပြီဖြစ်ကြောင်း သိရသည်။
Ref: Bangkok Post