ကရင်အမျိုးသားအစည်းအရုံး(KNU)၏ တပ်မဟာ(၆)နယ်မြေတွင် ၂၀၂၃ခုနှစ် မတ်လအတွင်း ကရင်နယ်မြေကို ကျူးကျော်လာသည့် အာဏာသိမ်းစစ်ကောင်စီတပ်နှင့် တိုက်ပွဲပေါင်း (၁၆)ကြိမ် ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်သား (၅၁)ဦးသေကာ (၁၇)ဦး အရှင်ဖမ်းမိထားကြောင်း သိရသည်။
၂၀၂၃ ခုနှစ်၊ မတ်လ(၁)ရက်နေ့မှ (၃၁)ရက်နေ့အတွင်း တပ်မဟာ(၆)နယ်မြေတွင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA)ပူးပေါင်း PDF ပူးပေါင်းစစ်ကြောင်းများနှင့် စစ်ကောင်စီတပ်တို့အကြား တိုက်ပွဲများအတွင်း KNLA နှင့် PDF ပူးပေါင်းစစ်ကြောင်းဘက်မှ ရဲဘော်(၁၂)ဦး ဒဏ်ရာရကာ (၄)ဦးကျဆုံး ခဲ့ရကြောင်း သိရသည်။
စစ်ကောင်စီတပ်မှ မတ်လအတွင်း လေကြောင်းဖြင့် (၂၇)ကြိမ်လာရောက် ဗုံးကြဲပစ်ခတ်ခဲ့ပြီး လက်နက်ကြီးများဖြင့် (၂၁၄)ကြိမ် ဒေသခံများ၏ ကျေးရွာများအတွင်းကို ရမ်းသမ်းပစ်ခတ်ခဲ့သည်ဟု သိရသည်။
အဆိုပါ ပစ်ခတ်မှုကြောင့် စာသင်ကျောင်း (၂)ကျောင်း၊ ဘုန်းကြီးကျောင်း (၃)ကျောင်း၊ ခရစ်ယာန်ဘုရားရှိခိုးကျောင်း (၁)ကျောင်း နှင့် နေအိမ်(၃၆၀)လုံး ပျက်စီးဆုံးရှုံးကာ ကိုယ်ဝန်ဆောင်အမျိုးသမီးနှင့် (၃) နှစ်အောက် ကလေးငယ်အပါအဝင် (၃၃)ဦး ဒဏ်ရာရပြီး (၉)ဦး သေဆုံးခဲ့ရသည့် အပြင် ဒေသခံ(၂၄,၀၂၁)ဦး စစ်ဘေးရှောင်နေခဲ့ရသည်ဟု ဒူးပလာယာခရိုင်က ယနေ့ဧပြီလ(၂၆)ရက်တွင် သတင်းထုတ်ပြန်သည်။