ဖဖ

 

နိုင်ငံတော်အား အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင် အာဏာသိမ်းလိုက်ပြီးနောက်  ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်အတွင်း စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြပွဲကနေ လက်နက်ကိုင် တော်လှန်သည်အထိ ဖြစ်ပွားခဲ့ရသည့် (၂)နှစ်တာကာလအတွင်း စစ်ကောင်စီတပ်နှင့် တိုက်ပွဲအကြိမ်ရေ (၂၁၈)ကြိမ် ဖြစ်ပွားပြီး စစ်ကောင်စီတပ်ဘက်က (၄၅၀)သေဆုံးကာ CDF မင်းတပ်ဘက်က (၅၅)ဦး ကျဆုံးခဲ့ရကြောင်း ယနေ့  ၂၀၂၃ခုနှစ်၊ ဧပြီလ(၂၄)ရက်နေ့တွင် သတင်းထုတ်ပြန်သည်။

ကျဆုံးခဲ့ရသည့် ရဲဘော်များအား ဂုဏ်ပြုရင်း အာဏာသိမ်းစစ်ကောင်စီအား ပြန်လည်ခုခံနေသည့် တော်လှန်ရေးမဟာမိတ် အင်အားစုများနှင့် လက်တွဲတိုက်ပွဲဝင်သွားမည်ဟုလည်း ထုတ်ပြန်ထားသည်။

CDF-Mindat သည် စစ်အာဏာရှင်ကို ဆန့်ကျင်ရန် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ(၄)ရက်နေ့က စတင်ပြီး လမ်းပေါ်တွင် ကမ်ပိန်းပြုလုပ်ကာ ဖေဖော်ဝါရီလ ( ၈ )ရက်နေ့တွင် မင်းတပ်မြို့ပေါ်၌ ငြိမ်းချမ်း စွာဆန္ဒပြခဲ့ကြရာမှ အာဏာသိမ်းစစ်တပ်ဘက်က အကြမ်းဖက် ဖြိုခွင်းမှုများ စတင်လာခြင်း ဖြစ်သည်။ 

ဖေဖော်ဝါရီလ (၂၄)ရက်တွင် စစ်ကောင်စီတပ်သည် မင်းတပ်မြို့၊ ဗိုလ်ချုပ်ကြေးရုပ်ရှေ့ရှိ လူမဲ့သပိတ်ပြုလုပ်သူ (၇)ဦး အကြမ်းဖက် ဖြိုခွင်း ဖမ်းဆီးခေါ်ဆောင်သွားသဖြင့် ယင်းနေ့မှစတင်၍ လက်နက်ကိုင်တော်လှန်ခဲ့သည်မှာ ယနေ့ ၂၀၂၃ခုနှစ်၊ ဧပြီလ ( ၂၄ )ရက်နေ့တွင် (၂)နှစ်ပြည့်ပြီဖြစ်ကြောင်း သိရသည်။