ပဖီကြီးကျေးရွာဖြစ်စဉ်အား ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် PDF အလံများကို အလံတိုင်ဝက်လွှင့်ထူရန် NUG ညွှန်ကြား

ပဖီကြီးကျေးရွာဖြစ်စဉ်အား ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် PDF အလံများကို အလံတိုင်ဝက်လွှင့်ထူရန် NUG ညွှန်ကြား

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာကို အာဏာသိမ်းစစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးသူငယ်များ၊ ကိုယ်ဝန်ဆောင်အမျိုးသမီးများ အပါအဝင် အရပ်သားများ သေဆုံး ထိခိုက်ဒဏ်ရာရရှိခဲ့သဖြင့် (၅)ရက်ကြာ ဝမ်းနည်းခြင်း အထိမ်းအမှတ် PDF အလံတိုင်ဝက်လွှင့်ထူရန် NUG ကာကွယ်ရေးဝန်ကြီးဌာနက ဧပြီလ(၁၁)ရက်နေ့ ညပိုင်းက ညွှန်ကြားလိုက်ကြောင်း သိရသည်။

သေဆုံးသွားသော အပြစ်မဲ့ အရပ်သားပြည်သူများအတွက် ဝမ်း နည်းခြင်းအထိမ်းအမှတ်အနေဖြင့် ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF)နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပကဖ)များအားလုံး PDF အလံတော်ကို တိုင်ဝက် လွှင့်ထူခြင်းဖြင့် ဝမ်းနည်းကြောင်းပြသရန် ကာကွယ်ရေးဝန်ကြီးဌာနမှ ညွှန်ကြားထားကြောင်း သိရသည်။

ညွှန်ကြားစာတွင် "ယခုကဲ့သို့ လေကြောင်းတိုက်ခိုက်ခံရမှုမျိုးကို ရှောင်ရှားနိုင်ရန် သက်ဆိုင်ရာ ကွပ်ကဲမှုအဆင့်ဆင့်မှ ချမှတ်သော စည်းကမ်းချက်များကို ကိုယ်တိုင် တိတိကျကျ လေးစားလိုက်နာကြရန် လိုအပ်သကဲ့သို့ အရပ်သားပြည်သူများ ထိခိုက်မှုမရှိ စေ ရေး အသိ ပညာပေးမှုများ၊ လိုအပ် သော ကြိုတင်ကာကွယ်မှု အစီအမံများ  ဆောင်ရွက်ထားရှိကြရမည်"ဟုလည်း ပါရှိသည်။

ထိခိုက်ကျဆုံးခဲ့ရ သော ကလေးသူငယ်များအပါအဝင် အပြစ်မဲ့ပြည်သူများအတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ်အဖြစ်  PDF၊ ပကဖ  တပ်ရင်းတပ်ဖွဲ့နှင့် စစ်ကြောင်းများအားလုံး  ဧပြီလ ၁၁ ရက်မှ ၁၅ ရက်အထိ  ပြည်သူ့တော်လှန်ရေးအလံတော်ကို တိုင် ဝက်ချ အလေးပြုကြရန် ညွှန်ကြားထားခြင်းဖြစ်သည်။ 

၂၀၂၃ခုနှစ်၊ ဧပြီလ ၁၁ ရက်၊ နံနက်ပိုင်းက ပဇီကြီးကျေးရွာကို အာဏာသိမ်းစစ်ကောင်စီတပ်၏ လေကြောင်းတိုက်ခိုက်မှုကြောင့် ကလေးသူငယ်များ၊ ကိုယ်ဝန်ဆောင်အမျိုးသမီးများအပါအဝင် ၅၀ ကျော်သေဆုံးခဲ့ရပြီး အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့ရသည်။