ထိုင်းနိုင်ငံတွင် အစာငတ်ခံ ဆန္ဒပြနေသည့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူ (၂) ဦးကို အားပေးမှုအဖြစ် လူရာနှင့်ချီ စုရုံးခဲ့ကြ

အစာငတ်ခံ ဆန္ဒပြသည့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူ (၂) ဦး [ Photo: Thai Enquirer ]
အစာငတ်ခံ ဆန္ဒပြသည့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူ (၂) ဦး [ Photo: Thai Enquirer ]
ထိုင်းနိုင်ငံတွင် အစာငတ်ခံ ဆန္ဒပြနေသည့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူ (၂) ဦးကို အားပေးမှုအဖြစ် လူရာနှင့်ချီ စုရုံးခဲ့ကြ
ဇန်နဝါရီ 27, 2023 | နိုင်ငံတကာသတင်း
By Mr John

 

ထိုင်းနိုင်ငံတွင် အစာငတ်ခံ ဆန္ဒပြနေကြပြီး ကျန်းမာရေး ယိုယွင်းလာနေသည့် နိုင်ငံရေးတက်ကြွလှုပ်ရှားသူ (၂) ဦးကို အားပေးထောက်ခံမှုအဖြစ် ဘန်ကောက်မြို့၌ ဇန်နဝါရီလ (၂၆) ရက် ညပိုင်းက ဖယောင်းတိုင်ထွန်း ဆုတောင်းပွဲပြုလုပ်ခဲ့ကြရာ လူဦးရေ ရာနှင့်ချီ စုရုံးပါဝင်ခဲ့ကြသည်။ 

အတိုက်အခံ နိုင်ငံရေးပါတီ (၆) ခုကလည်း အာဏာပိုင်များအနေဖြင့် တရားစီရင်ရေးဆိုင်ရာ ပြုပြင်ပြောင်းလဲရေးနှင့် ပတ်သက်၍ သက်ဆိုင်သူ အားလုံးထံမှ အမြင် သဘောထားများကို ရယူရန် တောင်းဆိုထားသည့် ပူးတွဲထုတ်ပြန်ချက် ထုတ်ပြန်ခဲ့သည်။

နိုင်ငံရေးအမှုများတွင် တရားစွဲဆိုခံရသူများ၏ အာမခံ ရပိုင်ခွင့်များအတွက် တရားရုံးများက မျှတစွာ စဥ်းစားပေးကြရန်လည်း နိုင်ငံရေးပါတီများ၏ ပူးတွဲ ထုတ်ပြန်ချက်တွင် ပြောထားသည်။ 

ဘုရင်စနစ်ကို အသရေဖျက်မှုနှင့် အစိုးရဆန့်ကျင်ရေး ဆန္ဒပြမှုများနှင့် ဆက်နွယ်သည့် အခြား ပြစ်မှုများဖြင့် တရားစွဲခံထားရပြီး ကြားနာစစ်ဆေးမှုအတွက် လက်ရှိ စောင့်ဆိုင်းနေရပြီး ထိန်းသိမ်းခံထားရသူများထံမှ အာမခံပေးရန် လျှောက်ထားမှုများကို ရာဇဝတ်မှုဆိုင်ရာ တရားရုံးက နောက်တစ်ကြိမ် ပယ်ချခဲ့ပြီးနောက် နိုင်ငံရေးပါတီများ၏ ထုတ်ပြန်တောင်းဆိုချက် ထွက်ပေါ်လာခြင်းလည်း ဖြစ်သည်။

ထိုင်းနိုင်ငံတွင် ဘုရင်စနစ်အား စော်ကားမှု စွဲချက်များနှင့်လည်း ရင်ဆိုင်နေရသည့် Tantawan Tuatulanon နှင့် Orawan Phuphong အမည်ရှိ အမျိုးသမီးငယ် (၂) ဦးက ၂၀၂၃ ခုနှစ် ဇန်နဝါရီလ (၁၈) ရက်နေ့မှစ၍ အစာငတ်ခံ ဆန္ဒပြနေကြပြီး နိုင်ငံရေးအကျဥ်းသားများ အားလုံးကို ပြန်လွှတ်ပေးရန် တောင်းဆိုနေကြသည်။ 

အမျိုးသမီးငယ် (၂) ဦးက အစားအစာ မစားသည့်အပြင် ရေလည်းမသောက်ကြကြောင်းနှင့် ဆေးဘက်ဆိုင်ရာ စောင့်ရှောက်မှုခံယူရန် ငြင်းဆန်ခဲ့ကြသည်။ 

၎င်းတို့က ဘုရင်စနစ်ကို စော်ကားမှုနှင့် နိုင်ငံတော်အား အကြည်ညိုပျက်စေမှုတို့နှင့် ပတ်သက်သည့် ဥပဒေများကို ဖျက်သိမ်းပစ်ရန်လည်း တောင်းဆိုခဲ့ကြသည်။

အစာငတ်ခံ ဆန္ဒပြနေကြသည့် အမျိုးသမီးငယ် (၂) ဦးကို Thammasat တက္ကသိုလ်ဆေးရုံတွင် ထားရှိကြောင်းနှင့် ၎င်းတို့မှာ အကူအညီမပါဘဲ မလှုပ်ရှားနိုင်ကြတော့ဟု လူ့အခွင့်အရေးဆိုင်ရာ ထိုင်းရှေ့နေများအသင်း Thai Lawyers for Human Rights (TLHR) က ပြောသည်။ 

အမျိုးသမီးငယ် (၂) ဦး၏ ကျန်းမာရေးအခြေအနေမှာ ယိုယွင်းလာနေကြောင်းနှင့် ခန္ဓာကိုယ်တွင်း ပိုတက်ဆီယမ်ပမာဏ လျော့ကျလျက်ရှိပြီး နှလုံးရပ်သွားမည့် အန္တရာယ်ရှိနေကြောင်း သိရသည်။

အစာငတ်ခံ ဆန္ဒပြနေသည့် အမျိုးသမီးငယ် (၂) ဦးကို အားပေးထောက်ခံသူများ ရက်နှင့်ချီကြာ နေ့စဥ် လာရောက်စုရုံးလေ့ရှိကြသည့် ဘန်ကောက်မြို့ရှိ အနုပညာနှင့် ယဥ်ကျေးမှုစင်တာ Bangkok Art and Culture Centre အပြင်ဘက်တွင် ဇန်နဝါရီလ (၂၆) ရက် ညပိုင်းက လူဦးရေ ရာနှင့်ချီပါဝင်သည့် လူအုပ်စု ဖြစ်ပေါ်ခဲ့သည်။ 

လူအုပ်စုက ဖယောင်းတိုင်များထွန်းကာ အစာငတ်ခံ ဆန္ဒပြနေသည့် အမျိုးသမီးငယ် (၂) ဦးအတွက် ဆုတောင်းခဲ့ကြသလို ဘုရင်စနစ်ကို စော်ကားမှု ဥပဒေဖျက်သိမ်းရန် သံပြိုင်ကြွေးကြော်ခဲ့ကြသည်။

Source: Bangkok Post