ပါကစ္စတန်နိုင်ငံတွင် တရားမဝင် ကိုယ်တွင်းအင်္ဂါ အစိတ်အပိုင်းများ ထုတ်ယူနေသည့် ဂိုဏ်းတစ်ခုကို ရဲတပ်ဖွဲ့က ဖြိုခွဲလိုက်ပြီး အစားထိုးကုသမှု လိုအပ်နေသော ချမ်းသာကြွယ်ဝသူများကို ရောင်းချရန် ရာနှင့်ချီသော လူနာများထံမှ ကျောက်ကပ်များကို ခွဲစိတ်ဖယ်ရှားမှုအတွက် လူ (၈) ဦးကို ဖမ်းဆီးခဲ့ကြောင်း အာဏာပိုင်များက ၂၀၂၃ ခုနှစ် အောက်တိုဘာလ၏ ပထမပတ်တွင်းက သတင်းထုတ်ပြန်ထားသည်။
ဒေါက်တာဖါဝက်ဒ်ဆိုသူ ဂိုဏ်းခေါင်းဆောင်က ကျောက်ကပ်ဖယ်ရှားရန် လူ (၃၂၈) ဦးကို ခွဲစိတ်မှုလုပ်ခဲ့ပြီး ကျောက်ကပ်တစ်ခုလျှင် ပါကစ္စတန်ရူပီးငွေ (၁၀) သန်း (အမေရိကန်ဒေါ်လာ ၃၄,၀၀၀) ဖြင့် ပြန်ရောင်းနေကြောင်း ပါကစ္စတန်နိုင်ငံ၏ ပန်ဂျပ်ပြည်နယ် ဝန်ကြီးချုပ် Mohsin Naqvi က ပြောသည်။
ကျောက်ကပ်ဖယ်ရှားသည့် ခွဲစိတ်မှုများ ပြုလုပ်ရာတွင် ဒေါက်တာဖါဝက်ဒ်ကို ကားစက်ပြင်ဆရာတစ်ဦးက ကူညီပေးခဲ့ကြောင်းနှင့် ၎င်းက မေ့ဆေးပေးသူအဖြစ် ပါဝင်လုပ်ဆောင်ခဲ့ကြောင်း Naqvi က ဆိုသည်။
ဒေါက်တာဖါဝက်ဒ်၏ ကျောက်ကပ်ဂိုဏ်းက ဆေးရုံမှ လူနာများကို မက်လုံးပေး ဆွဲဆောင်ခဲ့ပြီး Taxila နယ်မြေ၊ လာဟိုးမြို့နှင့် ပါကစ္စတန် ထိန်းချုပ်ထားသည့် ကက်ရှ်မီးယားနယ်မြေတို့တွင် ကျောက်ကပ် ခွဲစိတ်ဖယ်ရှားမှုများ လုပ်ဆောင်ခဲ့ခြင်း ဖြစ်သည်။
"ကက်ရှ်မီးယားမှာက ကျောက်ကပ်အစားထိုးမှုနဲ့ ပတ်သက်တဲ့ ဥပဒေ မရှိတာကြောင့် အဲဒီမှာ ဒါကို လုပ်နိုင်ပါတယ်။ သူတို့အတွက် ခွဲစိတ်မှုတွေကို အဲဒီမှာ လုပ်ရတာ ပိုလွယ်ခဲ့ပါတယ်" ဟု ပန်ဂျပ်ပြည်နယ် ဝန်ကြီးချုပ် Naqvi က ပြောသည်။
ဒေါက်တာဖါဝက်ဒ်၏ ကျောက်ကပ် ခွဲစိတ်ဖယ်ရှားမှုအတွင်း ယခုအချိန်အထိ လူ (၃) ဦး သေဆုံးခဲ့ကြောင်း အတည်ပြုထားသည်ဟု ဝန်ကြီးချုပ်က ပြောခဲ့သော်လည်း အာဏာပိုင်များက အချက်အလက်များကို စစ်ဆေးအတည်ပြုနေဆဲဟု ဆိုသည်။
အတည်ပြုနိုင်သည်ထက် ပို၍များသော ကျောက်ကပ် ခွဲစိတ်ဖယ်ရှားမှုများ လုပ်ဆောင်ခဲ့လိမ့်မည်ဟုလည်း Naqvi က ပြောခဲ့သည်။
ဒေါက်တာဖါဝက်ဒ်ကို ယခင်က (၅) ကြိမ် ဖမ်းဆီးခဲ့သော်လည်း (၅) ကြိမ်လုံး ပြန်လွတ်ခဲ့ကြောင်းနှင့် ၎င်း၏ ခွဲစိတ်မှုများကို ပြန်လုပ်ဆောင်နိုင်ခဲ့ကြောင်း ပြည်နယ်ဝန်ကြီးချုပ် Naqvi က ဆိုသည်။
လူနာအချို့မှာ ၎င်းတို့၏ ကျောက်ကပ်များ ဖယ်ရှားခံလိုက်ရသည်ကို မသိရှိခဲ့ကြဟုလည်း Naqvi က ဖြည့်စွက် ပြောခဲ့သည်။
ဒေါက်တာဖါဝက်ဒ်၏ ဂိုဏ်းမှ အဖွဲ့ဝင်တစ်ဦးက သီးသန့် ကုသမှုခံယူရန် လာရောက်ချဥ်းကပ် စည်းရုံးခဲ့ကြောင်း ခွဲစိတ်မှုခံယူခဲ့သူ အမျိုးသားတစ်ဦးထံမှ ထုတ်ဖော်ပြောဆိုမှု ရှိလာပြီးနောက် ရဲတပ်ဖွဲ့က ယခုအမှုကိစ္စကို (၂) လနီးပါးကြာ စုံစမ်းစစ်ဆေးနေခဲ့ခြင်း ဖြစ်သည်။
နောက်ပိုင်းတွင် ထိုအမျိုးသားက အခြား ဆရာဝန်တစ်ဦးထံသို့ နောက်ထပ် ကုသမှုအတွက် သွားရောက်ခဲ့ရာမှ ၎င်းထံတွင် ကျောက်ကပ်တစ်လုံး မရှိတော့ကြောင်း သိလိုက်ရသည်ဟု ဆိုသည်။
ပါကစ္စတန်အစိုးရက ၂၀၀၇ ခုနှစ်တွင် လူ့ကိုယ်အင်္ဂါအစိတ်အပိုင်းများ ရောင်းဝယ်ခြင်းကို တရားမဝင်ကြောင်း သတ်မှတ်ခဲ့ပြီး ၂၀၁၀ ပြည့်နှစ်တွင် ကိုယ်အင်္ဂါများ ထုတ်ယူခြင်းနှင့် ရောင်းဝယ်ခြင်းကို ထောင်ဒဏ် (၁၀) နှစ်အထိနှင့် ငွေဒဏ် ရူပီး (၁) သန်း (ဒေါလာ ၃,၄၀၀) ချမှတ်နိုင်သော ဥပဒေတစ်ရပ် ပြဌာန်းခဲ့သည်။
သို့သော် မကြာသေးမီ နှစ်များအတွင်း ပါကစ္စတန်တွင် တရားမဝင် ကျောက်ကပ် အစားထိုးမှုများ ပြန်ရှိလာကြောင်း ပြည်တွင်းမီဒီယာက ဖော်ပြကြသည်။
Source: CNN