အိန္ဒိယက စောင့်ကြည့်နေသည့် တရုတ်သူလျှိုသင်္ဘော သီရိလင်္ကာတွင် ဆိုက်ကပ်

Photo: REUTERS
Photo: REUTERS
အိန္ဒိယက စောင့်ကြည့်နေသည့် တရုတ်သူလျှိုသင်္ဘော သီရိလင်္ကာတွင် ဆိုက်ကပ်
သြဂုတ် 17, 2022 | နိုင်ငံတကာသတင်း
By Mr John

 

အိန္ဒိယနိုင်ငံက စိုးရိမ်မှုများရှိနေသော်လည်း တရုတ်နိုင်ငံ၏ သုတေသနသင်္ဘောတစ်စီး သီရိလင်္ကာနိုင်ငံတွင် ဆိုက်ကပ်လာခဲ့ကြောင်း သိရသည်။ 

Yuan Wang 5 သင်္ဘောကို သီရိလင်္ကာရေပြင်တွင် သုတေသနလုပ်ရန် ဆိုက်ကပ်ခွင့်ပြုခဲ့ကြောင်း ဆိပ်ကမ်းအာဏာပိုင်များက ပြောသည်။ 

အိန္ဒိယကမူ ထိုသင်္ဘောကို သူလျှိုလုပ်ရန် အသုံးပြုလိမ့်မည်ဟု ယခင်က ပြောထားခဲ့ကြောင်း မီဒီယာတွင် ဖော်ပြသည်။

သီရိလင်္ကာနိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်မှုအရ Yuan Wang 5 သင်္ဘောကို တရုတ်ကုမ္ပဏီက လုပ်ငန်းလုပ်ကိုင်နေသည့် Hambantota ဆိပ်ကမ်းတွင် ဩဂုတ်လ (၂၂) ရက်နေ့အထိ ဆိုက်ကပ်ခွင့်ပြုထားကြောင်း သိရသည်။

နိုင်ငံခြားလုံခြုံရေး လေ့လာဆန်းစစ်သူများကို ကိုးကားပြီး Reuters သတင်း၏ ဖော်ပြမှုအရ Yuan Wang 5 မှာ တရုတ်နိုင်ငံ၏ နောက်ဆုံးမျိုးဆက် အာကာသခြေရာခံ သင်္ဘောများအနက်မှ တစ်စီးဖြစ်ပြီး ဂြိုဟ်တုများ၊ ဒုံးပျံများနှင့် တိုက်ချင်းပစ် ပဲ့ထိန်းဒုံးကျည်ပစ်လွှတ်မှုများကို စောင့်ကြည့်ရန် အသုံးပြုသည်ဟု ဆိုသည်။

အိန္ဒိယမီဒီယာများကလည်း Yuan Wang 5 ကို နှစ်မျိုးသုံး သူလျှိုသင်္ဘောအဖြစ် ရေးသားဖော်ပြကြသည်။ 

သင်္ဘောဆိုင်ရာ လေ့လာဆန်းစစ်သည့် ဝက်ဘ်ဆိုက်များကမူ ထိုသင်္ဘောကို သုတေသနနှင့် လေ့လာမှုဆိုင်ရာ သင်္ဘောအဖြစ် သုံးနှုန်းကြသည်။ တရုတ်သင်္ဘောက သီရိလင်္ကာသို့ ခုတ်မောင်းလာသည့် လမ်းတစ်လျှောက်တွင် ၎င်း၏ခြေရာခံစနစ်က အိန္ဒိယလှုပ်ရှားမှုများကို ခိုးကြည့်ရန်ကြိုးပမ်းနိုင်ခြင်းအပေါ် အိန္ဒိယအစိုးရက စိုးရိမ်ပူပန်မှုရှိကြောင်း NDTV သတင်းတစ်ရပ်တွင် ဖော်ပြသည်။

ဇူလိုင်လအစောပိုင်းတွင် အိန္ဒိယနိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရအမျိုးသားက အစိုးရအနေဖြင့် တရုတ်သင်္ဘော၏ စီစဥ်ထားသည့်ခရီးစဥ်ကို စောင့်ကြည့်နေကြောင်းနှင့် နိုင်ငံ၏ လုံခြုံရေးနှင့်စီးပွားရေးကို ကာကွယ်သွားမည်ဟု ပြောခဲ့ဖူးသည်။ 

Reuters သတင်းအရ တရုတ်သင်္ဘောခရီးစဥ်နှင့် ပတ်သက်၍ အိန္ဒိယက သီရိလင်္ကာအစိုးရကို နှုတ်ဖြင့် ကန့်ကွက်ကြောင်း သိရသည်။ 

အဆိုးဆုံး စီးပွားရေးအကျပ်အတည်း ဖြစ်ပေါ်နေသည့် သီရိလင်္ကာကို တရုတ်က ဩဇာလွှမ်းမိုးမှုတိုးလာခြင်းကိုလည်း အိန္ဒိယက စိုးရိမ်ပူပန်မှုရှိနေသည်။

Source: BBC, Reuters