တရုတ်တွင် မိုးခေါင်ခြောက်သွေ့မှုကြောင့် မိုးရွာစေမည့် မိုးတုဒုံးကျည်များပစ်လွှတ်

Photo: CHINA DAILY
Photo: CHINA DAILY
တရုတ်တွင် မိုးခေါင်ခြောက်သွေ့မှုကြောင့် မိုးရွာစေမည့် မိုးတုဒုံးကျည်များပစ်လွှတ်
သြဂုတ် 19, 2022 | နိုင်ငံတကာသတင်း
By Mr John

တရုတ်နိုင်ငံတွင် မိုးခေါင်ခြောက်သွေ့မှုကြောင့် မိုးရွာသွန်းစေမည့် မိုးတုဒုံးကျည်များပစ်လွှတ်

စံချိန်တင် အပူလှိုင်းနှင့် ပြင်းထန်သည့် မိုးခေါင်ခြောက်သွေ့မှု ဖြစ်ပေါ်နေသော တရုတ်နိုင်ငံ အလယ်ပိုင်းနှင့် အနောက်တောင်ပိုင်းတွင် အာဏာပိုင်များက မိုးရွာစေရန် ကောင်းကင်သို့ မိုးတု ဒုံးကျည်ပစ်လွှတ်ပြီး ကြိုးပမ်းနေသည်ဟု ဆိုသည်။ 

မိုးခေါင်ပူပြင်းမှုကြောင့် ယခုအခါ အာရှတိုက်၏ အရှည်ဆုံး ရေလမ်းကြောင်းဖြစ်သည့် ယန်ဇီမြစ် (Yangtze River) တွင် ရေမျက်နှာပြင် စံချိန်တင် ကျဆင်းနေကြောင်းလည်း သိရသည်။

တရုတ်အလယ်ပိုင်းနှင့် အနောက်တောင်ပိုင်းရှိ အချို့နေရာများတွင် ပုံမှန် မိုးရွာသွန်းမှုထက် ထက်ဝက်လျော့နည်းခဲ့သည်။ 

လက်ရှိတွင် ရေအားလျှပ်စစ်စက်ရုံသုံး ရေလှောင်တမံများအတွင်း ထက်ဝက်အထိ ရေလျော့နည်းနေသည်ဟု အစိုးရတာဝန်ရှိသူများက ပြောသည်။ 

တစ်ချိန်တည်းမှာပင် အပူဒဏ်ကြောင့် လေအေးပေးစက် အသုံးပြုမှုများ မြင့်တက်လာခဲ့ရာ လျှပ်စစ်ဓာတ်အားပေး ကုမ္ပဏီများအနေဖြင့် ဖိအားများစွာ ရင်ဆိုင်နေရသည်။

ယခုနှစ် ကြုံတွေ့နေရသည့် (၂) လကြာ အပူလှိုင်းမှာ တရုတ်နိုင်ငံတွင် အရှည်ကြာဆုံး စံချိန်တင်ခဲ့သည်ဟု National Climate Centre က ပြောသည်။ 

ယန်ဇီမြစ်ကြောင်းတစ်လျှောက် မိုးခေါင်မှုကြုံနေရသည့် ပြည်နယ်များတွင် မိုးရွာသွန်းမှုအတွက် မိုးတိမ်တိုက်ဖြစ်ပေါ်ရေး ကြိုးပမ်းနေကြသည်။ 

ဟူပေ နှင့် အခြား ပြည်နယ်များတွင် ဓာတုဗေဒပစ္စည်းများ သယ်ဆောင်သွားသည့် ဒုံးကျည်များ ကောင်းကင်သို့ ပစ်လွှတ်နေပြီး မိုးရွာစေရန် ကြိုးပမ်းနေကြောင်း ပြည်တွင်းမီဒီယာများက ဖော်ပြသည်။

သို့သော် တိမ်ဖုံးမှုမရှိသော နေရာအချို့တွင်မူ ထိုနည်းလမ်းအတိုင်း ပြုလုပ်ရန် အခက်အခဲဖြစ်နေသည်ဟု ဆိုသည်။ 

ထိုအတောအတွင်း စီချွမ်ပြည်နယ်နှင့် အိမ်နီးချင်း ပြည်နယ်များတွင် အပူချိန်များ (၄၀) ဒီဂရီဆဲလ်စီးယပ်ကို ကျော်လွန်မြင့်တက်ခဲ့ကြောင်းလည်း သိရသည်။ 

အလွန်ပူပြင်းမှုနှင့်အတူ ဓာတ်အားသုံးစွဲမှု မြင့်တက်လာသည့် အခြေအနေကို ထိန်းချုပ်ရန် စီချွမ်ပြည်နယ်တွင် အစိုးရတာဝန်ရှိသူများက ပြည်သူများကို လေအေးပေးစက်များကို (၂၆) ဒီဂရီဆဲလ်စီးယပ်ထက် လျှော့ချခြင်းမပြုကြရန် ညွှန်ကြားခဲ့ကြောင်း Sichuan Daily သတင်းကို ကိုးကားပြီး Reuters က ပြောသည်။

ထို့အတူ ဝန်ထမ်းများကိုလည်း ဖြစ်နိုင်လျှင် ဓာတ်လှေကား မသုံးဘဲ ရိုးရိုးလှေကားကိုသာ အသုံးပြုကြရန် ပြောထားကြောင်း သိရသည်။ 

စီချွမ်ပြည်နယ်အတွင်း လူဦးရေ သန်းနှင့်ချီ လျှပ်စစ်ဓာတ်အားပြတ်တောက်မှု ကြုံနေရသည်ဟု ဆိုသည်။ 

လူဦးရေ (၅.၄) သန်းရှိ Dazhou မြို့တွင် ဓာတ်အားပြတ်တောက်မှုမှာ (၃) နာရီအထိ ကြာမြင့်ခဲ့ကြောင်း ပြည်တွင်းမီဒီယာများက ဖော်ပြသည်။ 

အိမ်ထောင်စုများသို့ လျှပ်စစ်ဓာတ်အား ဖြန့်ဖြူးပေးရန် အရေးပေါ်အစီအမံအရ စီချွမ်ပြည်နယ်ရှိ စက်ရုံများကို ထုတ်လုပ်မှုလျှော့ချရန် သို့မဟုတ် အလုပ်ရပ်ဆိုင်းထားရန် ညွှန်ကြားထားသည်။

Source: BBC