အမေရိကန်နိုင်ငံတွင် အောက်လွှတ်တော် (House of Rperesentatives) ဥက္ကဌ ရွေးချယ်ခန့်အပ်မှု ရက်နှင့်ချီကြာ မပြီးမြောက်နိုင် ဖြစ်နေခဲ့ပြီးနောက် ဇန်နဝါရီလ (၇) ရက်နေ့ နံနက်ပိုင်းက အမတ်များ၏ (၁၅) ကြိမ်မြောက် မဲပေးမှုရလဒ်အရ ရီပတ်ဘလစ်ကင်ပါတီမှ ကီဗင်မက္ကာသီက လွှတ်တော်ဥက္ကဌအဖြစ် ရွေးချယ်တင်မြှောက်ခံရသည်။
၂၀၂၂ ခုနှစ် နိုဝင်ဘာလ (၈) ရက်က ပြုလုပ်ခဲ့သည့် အမေရိကန်အစိုးရသက်တမ်းဝက် လွှတ်တော်ရွေးကောက်ပွဲတွင် မက္ကာသီ၏ ရီပတ်ဘလစ်ကင်ပါတီက မတိမ်းမယိမ်း ရလဒ်ဖြင့် အနိုင်ရပြီး အောက်လွှတ်တော်အမတ်နေရာ အများစု ရရှိခဲ့သည်။
သို့သော် လွှတ်တော်ဥက္ကဌရွေးချယ်ရာတွင်မူ အစောပိုင်း မဲခွဲဆုံးဖြတ်မှုများ၌ ၎င်းကို မဲမပေးခဲ့ကြသည့် ရွေးကောက်ခံ ရီပတ်ဘလစ်ကင် အမတ်များရှိခဲ့ရာ လွှတ်တော်ဥက္ကဌဖြစ်ရန် လိုအပ်သည့် ထောက်ခံမဲအရေအတွက် မရရှိခဲ့ပေ။
အစိုးရသက်တမ်းဝက် ရွေးကောက်ပွဲတွင် ဒီမိုကရက်တစ်ပါတီက အထက်လွှတ်တော် (Senate) တွင် အမတ်နေရာအများစု အနိုင်ရခဲ့ပြီး ဆက်လက် ထိန်းချုပ်နိုင်ခဲ့သည်။
အောက်လွှတ်တော်ဥက္ကဌနေရာအတွက် ယခုယှဥ်ပြိုင်မှုမှာ အမေရိကန်သမိုင်းတွင် နှစ်ပေါင်း (၁၆၄) နှစ်အတွင်း အရှည်ကြာဆုံး ယှဥ်ပြိုင်မှုလည်း ဖြစ်လာခဲ့သည်။
အောက်လွှတ်တော်ဥက္ကဌအဖြစ် မက္ကာသီကို ရွေးချယ်တင်မြှောက်ခဲ့ပြီးနောက် ဇန်နဝါရီလ (၇) ရက် နံနက်အစောပိုင်းတွင် အထက်လွှတ်တော် (Senate) နှင့် အောက်လွှတ်တော် လွှတ်တော်နှစ်ရပ်လုံးပါဝင်သည့် (၁၁၈) ကြိမ်မြောက် အမေရိကန်ကွန်ဂရက်လွှတ်တော်၏ အမတ်များနှင့် လွှတ်တော်ဥက္ကဌများ ကျမ်းသစ္စာကျိန်ဆိုခဲ့ကြသည်။
ဆက်စပ်သတင်းတစ်ရပ်အရ ဒီမိုကရက်တစ်ပါတီမှ Hakeem Jeffries က အမေရိကန်ကွန်ဂရက်တွင် ပါတီကို ဦးဆောင်မည့် ပထမဆုံး လူမည်းလွှတ်တော်အမတ်အဖြစ် သမိုင်းဝင်ခဲ့ကြောင်းလည်း သိရသည်။
(၁၁၈) ကြိမ်မြောက် အမေရိကန်ကွန်ဂရက်လွှတ်တော်ကို ၂၀၂၃ ခုနှစ် ဇန်နဝါရီလ (၃) ရက်တွင် စတင်ဖွင့်လှစ်ခဲ့ပြီး သမ္မတဂျိုးဘိုင်ဒန်၏ သမ္မသက်တမ်း ဒုတိယ (၂) နှစ်အတွင်း ၂၀၂၅ ခုနှစ် ဇန်နဝါရီလ (၃) ရက်အထိ လွှတ်တော်အစည်းအဝေးများ ဆက်လက် ရှိနေမည်ဖြစ်သည်။
Source: CNN
Photo: Alex Brandon/AP, Jon Cherry/Reuters, Evelyn Hockstein, Nathan Howard/Getty Images