တရုတ်နိုင်ငံ အနောက်မြောက်ပိုင်း နိင်ရှ ဟွေးလူမျိုးကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသအတွင်းရှိ ရင်ရွှန်မြို့ရှိ အကင်ဆိုင်တစ်ဆိုင်တွင် ဂက်စ်ပေါက်ကွဲမှု ဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ (၃၁) ဦး သေဆုံးပြီး (၇) ဦး ဒဏ်ရာရရှိခဲ့ကြောင်း နိုင်ငံပိုင်မီဒီယာက ဖော်ပြထားသည်။
အဆိုပါ ဖြစ်စဉ်သည် ၂၀၂၃ခုနှစ် ဇွန်လ (၂၁) ရက် ဒေသစံတော်ချိန် ည (၈) နာရီ (၄၀) မိနစ်ဝန်းကျင်တွင် ဖြစ်ပွားခြင်းဖြစ်ပြီး အကင်ဆိုင်အတွင်းရှိ LPG (liquefied petroleum gas) ဂက်စ်အိုး ယိုစိမ့်မှုကြောင့် ပေါက်ကွဲမှု ဖြစ်ပွားရာမှ ဇွန်လ(၂၃)ရက်နေ့အထိ သေဆုံးသူ (၃၁)ဦးအထိ ရှိလာခြင်း ဖြစ်ကြောင်း သိရသည်။
ဂက်စ်ပေါက်ကွဲမှုကြောင့် ဒဏ်ရာရခဲ့သူများအနက် တစ်ဦးမှာ အသက်အန္တရာယ် စိုးရိမ်နေရဆဲ ဖြစ်ပြီး ကျန်သည့် ဒဏ်ရာရသူ (၆)ဦးမှာ မီးလောင်ဒဏ်ရာ၊ မှန်ကွဲပြတ်ရှဒဏ်ရာနှင့် အသေးစား ဒဏ်ရာများဖြင့် ဆေးရုံတွင် ကုသမှုခံယူနေရကြောင်း သိရသည်။
ဒေသခံ မီးသတ်ဌာနက ဂက်စ်ပေါက်ကွဲမှု ဖြစ်ပွားသည့် အကင်ဆိုင်နေရာသို့ မီးသတ်ယာဥ် (၂၀) စီးနှင့် မီးသတ်သမား (၁၀၀) ကျော်ကို စေလွှတ်ခဲ့ပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းမှာ ဇွန်လ (၂၂) ရက် ဒေသစံတော်ချိန် နံနက်(၄) နာရီအထိ ကြာမြင့်ခဲ့ကြောင်း တရုတ်အစိုးရမီဒီယာက ပြောသည်။
ဂက်စ်ပေါက်ကွဲမှုမှာ စားသုံးသူများ အများဆုံးရှိနေချိန်တွင် ဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး သေဆုံးသူများအနက် အထက်တန်းကျောင်းသားနှင့် အငြိမ်းစားများ ပါဝင်သည်ဟု ဆိုသည်။
ရဲတပ်ဖွဲ့နှင့် မီးသတ်သမားများက အခင်းဖြစ်နေရာတွင် မေးမြန်းမှုများအရ ပေါက်ကွဲမှုမဖြစ်ပွားမီ တစ်နာရီခန့်က ဂက်စ်အနံ့ထွက်နေသည်ကို အကင်ဆိုင် ဝန်ထမ်း (၂) ဦးက သတိပြုမိခဲ့ကြောင်း သိရသည်။
ထို့နောက် အဆိုပါ ဝန်ထမ်း (၂) ဦးက ဂက်စ်အိုး၏ အဆို့ရှင် ပျက်စီးနေသည်ကို အကင်ဆိုင် စစ်ဆေးတွေ့ရှိခဲ့ပြီး အခြား ဝန်ထမ်းတစ်ဦးကို အသစ်တစ်ခုဝယ်ယူရန် စေလွှတ်ခဲ့သည် ရင်ရွှန်မြို့ အုပ်ချုပ်ရေးအဖွဲ့က ဇွန်လ (၂၂) ရက်နေ့ ထုတ်ပြန်ချက်တွေ ပြောထားသည်။
ဂက်စ်အိုး၏ အဆို့ရှင်ကို အသစ်လဲလှယ်နေစဥ် ပေါက်ကွဲမှု ဖြစ်ပွားခဲ့သည်ဟု ဆိုသည်။
ယခုဖြစ်ရပ်မှာ တရုတ်နိုင်ငံတွင် Dragon Boat Festival ပွဲတော်ကာလ ဇွန်လ (၂၂) ရက်မှ ဇွန်လ (၂၄) ရက်အထိ အများပြည်သူ အားလပ်ရက် (၃) ရက် မစတင်မီ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
တရုတ်နိုင်ငံတွင် ဘေးအန္တရာယ်ကင်းမှု တိုးတက်ရန် နှစ်များအကြာ ကြိုးပမ်းအားထုတ်နေခဲ့သော်လည်း ဂက်စ်နှင့် ဓာတုဗေဒပစ္စည်း ပေါက်ကွဲမှုများ ရှားပါးဆန်းကြယ်သည့် ဖြစ်စဥ်များမဟုတ်ဟု ဆိုသည်။
Source: CNN, Reuters
Photo: CGTN, Reuters