ယူကရိန်းကို ကူညီရေး နောက်ထပ် ဒေါ်လာ (၃၃) ဘီလီယံ သမ္မတဂျိုးဘိုင်ဒန် အဆိုပြု

ယူကရိန်းကို ကူညီရေး နောက်ထပ် ဒေါ်လာ (၃၃) ဘီလီယံ သမ္မတဂျိုးဘိုင်ဒန် အဆိုပြု
By Mr John

ယူကရိန်းကိုကူညီရေး နောက်ထပ် ဒေါ်လာ (၃၃) ဘီလီယံ သမ္မတဂျိုးဘိုင်ဒန် အဆိုပြု



ယူကရိန်း အတွက် စစ်ရေး၊ စီးပွားရေးနှင့် လူသားချင်းစာန ာထောက်ထားမှု အကူအညီများအဖြစ် နောက်ထပ် ဒေါ်လာ (၃၃) ဘီလီယံ ပေးအပ်မည့် အစီအစဥ်ကို အတည်ပြုပေးရန် သမ္မတဂျိုးဘိုင်ဒန်က ကွန်ဂရက်လွှတ်တော်ကို အဆိုပြုတောင်းခံလိုက်ကြောင်း သိရသည်။

သမ္မတဂျိုးဘိုင်ဒန်က အဆိုပြုထားသော ကြီးမားလှသည့် ထိုအသုံးစရိတ်တွင် ယူကရိန်းကို စစ်ရေးအကူအညီပေးရန် ဒေါ်လာ (၂၀) ဘီလီယံကျော်၊ စီးပွားရေးကူညီထောက်ပံ့မှုအတွက် ဒေါ်လာ (၈.၅) ဘီလီယံနှင့် လူသားချင်းစာနာထောက်ထားမှု အကူအညီအတွက် ဒေါ်လာ (၃) ဘီလီယံ ပါဝင်သည်။



ထိုငွေပမာဏတွင် စစ်ပွဲကြောင့် ကမ္ဘာတဝန်း စားနပ်ရိက္ခာပြတ်လပ်မှုကို ကူညီရန်အတွက်လည်း ပါဝင်သည်ဟု ဆိုသည်။

"လွတ်လပ်မှုအတွက် တိုက်ပွဲဝင်နေတဲ့ ယူကရိန်းကို ကူညီထောက်ပံ့ဖို့ ဒီငွေတွေ ကျနော်တို့ လိုအပ်ပါတယ်။ ဒီတိုက်ပွဲရဲ့ ကုန်ကျစရိတ်က မနည်းလှပါဘူး။ ဒါပေမဲ့ ကျူးကျော်ရန်စမှုကို အလျှော့ပေးတာမျိုး ကျနော်တို့ ဖြစ်ခွင့်ပေးလိုက်ရင် ပိုပြီးကုန်ကျစရိတ်ကြီးလာပါမယ်" ဟု သမ္မတဂျိုးဘိုင်ဒန်က ဧပြီ (၂၈) ရက်တွင် ပြောသည်။



အမေရိကန်က ယူကရိန်းအတွက် အကူအညီများ ပေးအပ်ထားခဲ့ပြီဖြစ်ပေမဲ့ ဂျိုးဘိုင်ဒန်၏ ယခုတောင်းဆိုမှုက အကူအညီပေးမှုကို သိသိသာသာ တိုးမြှင့်လာခြင်းလည်း ဖြစ်သည်။

အမေရိကန်စစ်တပ်က ယူကရိန်းကို ကူညီထောက်ပံ့ထားမှု အတိုင်းအတာမှာ ယူကရိန်းတွင် ဖြန့်ကျက်ထားသည့် ရုရှားတင့်ကားတိုင်းအတွက် တင့်ကားဖျက်လက်နက် (၁၀) ခုနှုန်းဖြစ်သည်ဟု ဂျိုးဘိုင်ဒန်က ဆိုသည်။



အမေရိကန်က ရုရှားကို တိုက်ခိုက်နေခဲ့ခြင်း မဟုတ်ဘဲ ရုရှား၏ ကျူးကျော်ရန်စမှုကို ခုခံကာကွယ်နေသည့် ယူကရိန်းကို ကူညီပေးနေခြင်းဖြစ်ကြောင်း ၎င်းက အခိုင်အမာ ပြောသည်။

ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ်ကတော့ အနောက်အုပ်စုက ယူကရိန်းအတွက် စစ်ရေးအကူအညီပေးခြင်းမှာ ဥရောပတိုက်၏ လုံခြုံရေးကို ခြိမ်းခြောက်နေကြောင်း ဧပြီ (၂၈) ရက်နေ့တွင် ပြောဆိုလိုက်သည်။



ဆက်စပ်သတင်းများအရ ကုလသမဂ္ဂ အထွေထွေအတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရတ်စ် ရောက်ရှိနေသည့် ယူကရိန်းနိုင်ငံ ကိဗ်မြို့တော်ကို ဧပြီ (၂၈) ရက်တွင် ရုရှားက လေကြောင်းတိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း သိရသည်။

ယူကရိန်းသမ္မတ ဗိုလိုဒီမြာ ဇီလန်းစကီးက ထိုတိုက်ခိုက်မှုမှာ ရုရှားက ကုလသမဂ္ဂကို အရှက်ခွဲရန် ကြိုးပမ်းမှုဖြစ်ကြောင်း စွပ်စွဲလိုက်သည်။

ထိုအတောအတွင်း NATO မဟာအုပ်စု၏ လက်ထောက် အထွေထွေအတွင်းရေးမှူး Mircea Geoana က ယူကရိန်းစစ်ပွဲက နှစ်ချီကြာနိုင်ကြောင်း ဧပြီ (၂၉) ရက်တွင် သတိပေးလိုက်ကြောင်း BBC သတင်းက ဖော်ပြသည်။



Source: BBC, Reuters