ထိုင်းနိုင်ငံတွင် အလေးခိုးသည့် ဒူးရင်းသီးသည် အမျိုးသမီး ထောင်ဒဏ် (၇) နှစ်အထိ ချမှတ်နိုင်သည့် ကြီးလေးသော ပြစ်ဒဏ်နှင့် ရင်ဆိုင်နေရ

ထိုင်းနိုင်ငံတွင် အလေးခိုးသည့် ဒူးရင်းသီးသည် အမျိုးသမီး ထောင်ဒဏ် (၇) နှစ်အထိ ချမှတ်နိုင်သည့် ကြီးလေးသော ပြစ်ဒဏ်နှင့် ရင်ဆိုင်နေရ
By Mr John

ထိုင်းနိုင်ငံတွင် ဒူးရင်းသီးရောင်းသည့် အမျိုးသမီးတစ်ဦး အလေးခိုးမှုဖြင့် အမှုဖွင့် ခံလိုက်ရသည့်အတွက်  ထောင်ဒဏ် (၇) နှစ်အထိ ကြီးလေးသော ပြစ်ဒဏ်ချမှတ်နိုင်သည့် အမှုနှင့် ရင်ဆိုင်နေရကြောင်း သိရသည်။

ထိုင်းနိုင်ငံ ချွန်ဖော်ပြည်နယ်အတွင်း လမ်းဘေးတစ်နေရာတွင် ဆိုင်ဖွင့်လှစ်ပြီး ဒူးရင်းသီးရောင်းချနေသည့် အမျိုးသမီးတစ်ဦးထံကနေ အလေးချိန် (၁၆)ကီလိုဂရမ်ရှိသည့် ဒူးရင်းသီး (၂)လုံးကို ဘတ်ငွေ (၁,၆၄၀)ဘတ်ဖြင့် ဝယ်ယူခဲ့သူ တစ်ဦးက ဒူးရင်းသီးများကို ၎င်း၏ မိခင်ထံသို့ ပို့ဆောင်ချိန်တွင် အလေးချိန်မပြည့်နိုင်ကြောင်း သိရှိသွားပြီးနောက် ဒူးရင်းသီး အလေးခိုးမှု ပေါ်သွားခြင်း ဖြစ်သည်။

ဝယ်သူက ဒူးရင်းသီး (၂) လုံးကို အလေးချိန် ပြန်ချိန်တွယ် ကြည့်ရာတွင် (၁၆) ကီလိုဂရမ် မရှိဘဲ (၁၁.၆၈) ကီလိုဂရမ်သာ ရှိနေ၍ ယခုလို အလေးခိုးမှုကြောင့် ဒေါသထွက်သွားသည့်အတွက်  ပြည်တွင်းကုန်သွယ်ရေးဌာနသို့ တိုင်ကြားလိုက်သည်။ 

သက်ဆိုင်ရာက တိုင်ကြားမှုကို လက်ခံလိုက်ပြီးနောက် ဒူးရင်းသီး ဝယ်သူအဖြစ် အသွင်ယူထားသည့် အရာရှိများက အဆိုပါ ဆိုင်သို့ သွားရောက်ပြီး  ပြုပြင်ထားသော ဒစ်ဂျစ်တယ် အလေးချိန်စက်ကို စောင့်ကြည့်ခဲ့ကြသည်။ 

ထိုဒစ်ဂျစ်တယ် အလေးချိန်စက်တွင် အလေးချိန်နှင့် တစ်ကီလိုဈေးနှုန်း‌ ဖော်ပြသည့်နေရာကို မထင်မရှား ဖြစ်စေရန် တိပ်အမည်းဖြင့် စနစ်တကျ ကပ်ထားသည်ကို တွေ့ရသည်။ 

ထိုသို့ ပြုလုပ်ထားခြင်းကြောင့် ဝယ်သူအနေဖြင့် စုစုပေါင်း ကျသင့်ငွေပမာဏကိုသာ မြင်နိုင်ပြီး တန်သည်ဟု ယူဆသွားနိုင်စေကြောင်း သိရသည်။

ဒူးရင်းသီး အလေးခိုးမှုကိစ္စကို နောက်ထပ် စုံစမ်းစစ်ဆေးခဲ့ရာ အဆိုပါ ဒူးရင်းသီးဆိုင်က "အလေးချိန်များနှင့် တိုင်းတာခြင်တွယ်မှုဆိုင်ရာ အက်ဥပဒေ" ကို ချိုးဖောက်မှုများရှိကြောင်း တွေ့ရှိလာရသည်။

ဒူးရင်းသီးရောင်းသူက သက်ဆိုင်ရာဌာနက အသိအမှတ်ပြု မထားသည့် မမှန်ကန်သော ကိန်းဂဏန်းဖော်ပြသည့် လေးချိန်စက် အသုံးပြုခြင်း အပြင်  အလေးချိန်စက်ကို ပြုပြင်ထားခြင်းတို့ကို ကျူးလွန်ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့သည်ဟု Pattaya Mail သတင်းက ပြောသည်။

အလေးခိုးသည့် ဒူးရင်းသီးရောင်းသည့် အမျိုးသမီးကို  "အလေးချိန်များနှင့် တိုင်းတာခြင်တွယ်မှုဆိုင်ရာ အက်ဥပဒေ" အပြင် ရာဇဝတ်ပြစ်မှုဆိုင်ရာ ဥပဒေပုဒ်မ ၂၇၁ ဖြင့်လည်း စွဲချက်တင်ထားပြီး ထိုပုဒ်မအရ ထောင်ဒဏ် (၇) နှစ်အထိ ကြီးလေးသော ပြစ်ဒဏ်နှင့် ငွေဒဏ် ဘတ် (၂၈၀,၀၀၀) ချမှတ်ခံရနိုင်ကြောင်း သိရသည်။

Source: Pattaya Mail, The Thaiger