ဒိန်းမတ်နိုင်ငံ အစားအသောက်ဌာနက အနောက်အုပ်စု နိုင်ငံများတွင် လူကြိုက်များသော တံဆိပ်တစ်မျိုးဖြင့် ထုတ်လုပ်ထားသည့် တောင်ကိုရီးယား အသင့်စား ခေါက်ဆွဲများကို ဈေးကွက်ကနေ ပြန်သိမ်းလိုက်ပြီး ထိုခေါက်ဆွဲများမှာ အလွန်ပူစပ်သောကြောင့် အထူးစိုးရိမ်ဖွယ်ရာ အဆိပ်သင့်မှု ဖြစ်စေနိုင်ကြောင်း ခေါက်ဆွဲကြိုက်သူများကို သတိပေးထားသည်။
Samyang Foods ကုမ္ပဏီက ထုတ်လုပ်ထားသော ခေါက်ဆွဲ (၃) မျိုးကို စစ်ဆေးခဲ့ရာ အသင့်စား ခေါက်ဆွဲတစ်ထုပ်တွင် ပါဝင်သော ငရုတ်သီး၏ capsaicin ပမာဏမှာ အန္တရာယ်ရှိသည့်အဆင့် ပါဝင်နေသည်ကို တွေ့ရကြောင်း နှင့် စားသုံးသူများကို အထူးစိုးရိမ်ဖွယ်ရာ အဆိပ်သင့်မှု ဖြစ်စေနိုင်ကြောင်း ဒိန်းမတ်နိုင်ငံ Veterinary and Food Administration က ၂၀၂၄ ခုနှစ် ဇွန်လ (၁၁) ရက်နေ့တွင် ထုတ်ပြန်ထားသည်။
ထိုခေါက်ဆွဲ (၃) မျိုးမှာ Samyang Foods က ထုတ်လုပ်ထားသော Buldak 3x Spicy & Hot Chicken, 2x Spicy & Hot Chicken နှင့် Hot Chicken Stew တို့ ဖြစ်ပြီး ဒိန်းမတ်နိုင်ငံတွင် ဈေးကွက်မှ ပြန်သိမ်းလိုက်ကြောင်း သိရသည်။
ထိုခေါက်ဆွဲထုပ်များ လက်ဝယ်ရှိနေပါက လွှင့်ပစ်သင့်ကြောင်း သို့မဟုတ် ဝယ်ယူခဲ့သော စတိုးဆိုင်သို့ ပြန်ပေးသင့်ကြောင်းလည်း ဒိန်းမတ် အစားအသောက်ဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
တောင်ကိုရီးယားကုမ္ပဏီ Samyang Foods က ထုတ်လုပ်သော အသင့်စား ခေါက်ဆွဲများကို ပြည်ပဈေးကွက်တွင် အလွန်လူကြိုက်များပြီး ၂၀၂၃ ခုနှစ်အတွင်း ကုမ္ပဏီ၏ အမြတ်အစွန်းမှာ အမေရိကန်ဒေါ်လာ သန်း (၁၁၀) ကျော်ပြီး စံချိန်တင် မြင့်တက်ခဲ့ကြောင်း သိရသည်။
ကုမ္ပဏီ၏ အသင့်စား ခေါက်ဆွဲခြောက် ထုတ်ကုန်များမှာ အလွန်ပူစပ်သည်ဟု ယူဆ၍ ဈေးကွက်မှ ပြန်သိမ်းခြင်းကို ပထမဆုံးအကြိမ် ကြုံတွေ့ရခြင်းဖြစ်ပြီး ပို့ကုန်ဈေးကွက်တွင် သက်ဆိုင်ရာ စည်းမျဥ်းစည်းကမ်းမျာကိုး ပိုမိုနားလည်းသဘောပေါက်ရန် လုပ်ဆောင်သွားမည်ဟု Samyang Foods က ပြောသည်။
မြန်မာနိုင်ငံတွင်လည်း Samyang Foods ၏ အသင့်စား ခေါက်ဆွဲခြောက်ထုပ်များကို ကျယ်ကျယ်ပြန့်ပြန့် ရောင်းချနေပြီး လူကြိုက်များကြောင်း သိရသည်။