တာချီလိတ်ခရိုင်လဝက က  ယာယီတံတားကူးလက်မှတ် ပြုလုပ်သူများအပေါ် အကြောင်းအမျိုးမျိုးပြပြီး ဘတ်(၂၀) အပိုဆောင်း ကောက်ခံ

တာချီလိတ်ခရိုင်လဝက က  ယာယီတံတားကူးလက်မှတ် ပြုလုပ်သူများအပေါ် အကြောင်းအမျိုးမျိုးပြပြီး ဘတ်(၂၀) အပိုဆောင်း ကောက်ခံ
အောက်တိုဘာ 3, 2024 | ရှမ်းရှေ့

 တာချီလိတ် နှင့် မယ်ဆိုင်အကြား မြန်မာ - ထိုင်းချစ်ကြည်ရေးအမှတ်(၁)တံတားပေါ်ကနေ ယာယီနယ်စပ်ဖြတ်သန်းလက်မှတ် ပြုလုပ်သူများအပေါ် တာချီလိတ်ခရိုင်လဝက က လက်မှတ်ပြုလုပ်ခ အပြင် ထိုင်းဘတ်ငွေ (၂၀)ကို ယနေ့ အောက်တိုဘာလ(၃)ရက်နေ့အထိ အကြောင်းမဲ့ ကောက်ခံနေကြောင်း သိရသည်။

"လက်မှတ်လုပ်ရင် ကျပ်(၁,၀၀၀)ပဲ ပေးရတာကို အခု ရေကြီးကာလမှာ ဘာအတွက်မှန်း မသိဘဲ ဘတ်(၂၀) အပိုဆောင်းပေးနေရတယ်။ ဓါတ်ပုံရိုက်ရတာလည်း မဟုတ်သလို။ ကွန်ပျူတာနဲ့ ထုတ်ပေးတာလည်း မဟုတ်ဘူးနော်။ ဘာကြောင့် ဘတ်(၂၀)ကောက်တာလဲဆိုတော့ မီးပျက်လို့ လက်ရေးနဲ့ ချရေးပေးရလို့ ဘာညာနဲ့ အကြောင်းအမျိုးမျိုး ပြနေတာ"ဟု ဒေသခံ တစ်ဦးက Tachileik News Agency သို့  ပြောသည်။

ရေကြီးရေလျှံမှု ဒဏ်ကို ရက်ရှည်ကြာ ကြုံတွေ့နေရသည့် မြန်မာ - ထိုင်း ချစ်ကြည်ရေးအမှတ်(၁)တံတား မြန်မာဘက်တွင် လျှပ်စစ်မီး ပြတ်တောက်နေသလို လက်မှတ် ပြုလုပ်ပေးနေသည့် နေရာမှာလည်း ရေနစ်မြုပ်နေ၍ တံတားပေါ်မှာပင် လက်ရေးဖြင့် ချရေးပေးကာ လက်မှတ်ပြုလုပ်ပေးနေခြင်း ဖြစ်ကြောင်း သိရသည်။

"တစ်ခါသုံး ကမ်းကူးကတ်မှာ အရင်က ကွန်ပျူတာနဲ့ ပရင့်ထုတ်ပေးတာ။ အဲ့ဒါကို အခုက ဒီအတိုင်း လက်ရေးနဲ့ ရေးပေးတာ။ တုံးထုတဲ့နားမှာပဲ  တစ်ခါတည်း မှတ်ပုံတင်နဲ့ စမတ်ကဒ် ပြပြီးတော့ ကျပ်(၁,၀၀၀) နဲ့ ဘတ်(၂၀)ပေးရတာ။"ဟု မယ်ဆိုင်သို့ သွားရန် လက်မှတ်ပြုလုပ်ခဲ့သူ တစ်ဦးက ပြောပြသည်။

တာချီလိတ်တွင် ၂၀၂၄ခုနှစ် စက်တင်ဘာလ(၁၀)ရက်နေ့က စပြီး စက်တင်ဘာလ(၁၂)ရက်နေ့အထိ အဆိုးရွားဆုံး ရေကြီးရေလျှံမှုကြောင့် တံတားပေါ် ဖြတ်သန်းသွားလာခြင်းကို ယာယီရပ်ဆိုင်းခဲ့ရသည့်အပြင် တာချီလိတ်ခရိုင်လဝကရုံးတည်ရှိရာ တံတား(၁)အောက်တွင်လည်း ရွှံ့နွံများ ဖုံးလွှမ်းပြီး အပျက်အစီးများကြောင့် ယနေ့  အောက်တိုဘာလ(၃)ရက်နေ့အထိ ပုံမှန်အတိုင်း မဖြစ်သေးသည့် အခြေအနေ ဖြစ်နေသည်။

ယင်းသို့ ဖြစ်စဉ်များကြောင့် နယ်စပ်ဖြတ်သန်းလက်မှတ်များနှင့် ပတ်သက်၍ ယာယီနယ်စပ်ဖြတ်သန်းလက်မှတ်ကိုလည်း ကတ်ပြားပေါ်တွင် အမည်နှင့်မှတ်ပုံတင်၊ မွေးသက္ကရာဇ်တို့ကို လက်ရေးချဖြင့် ချရေးပေးသည်ကို အပိုဆောင်း ထိုင်းဘတ်ငွေ (၂၀)ဘတ် ကောက်ခံခြင်း ဖြစ်ကြောင်း သိရသည်။

"သူတို့က လက်နဲ့ရေးရလို့ဆိုပြီး တောင်းတာ။ အခုက ကွန်ပျူတာနဲ့ထုတ်လည်း ပေးရတာပဲ။ လက်ရေးနဲ့ ရေးပေးလို့လည်း ပေးရတာပဲ။ မီးရပြီဆိုရင် မပေးရတော့ဘူးလို့ ထင်တာ ပေးရတာက ပေးရတာပါပဲ။ ရေတက်နေလို့ အလုပ် မလုပ်ရလို့ ဒုက္ခရောက်နေပါတယ်ဆို (၂၀)က ပိုပိုပေးနေရတော့ နောက်ပိုင်း ဘယ်သူမှ မကြည်ဖြူကြတော့ဘူး။ မပေးချင်ကြတော့ဘူး"ဟု နေ့စဉ် လက်မှတ်ပြုလုပ်ပြီး သွားနေရသူ တစ်ဦးက ပြောသည်။



ရေဖုံးလွှမ်းနစ်မြုပ်မှုကြောင့် ယနေ့ အချိန်အထိ တစ်နှစ်စာအုပ် သက်တမ်းတိုးခြင်းကိုလည်း ရပ်ဆိုင်းထားရသည့်အတွက် တစ်နှစ်စာ စာအုပ်အသုံးပြုသူများမှာလည်း ယာယီနယ် စပ်ဖြတ်သန်းလက်မှတ်ပြုလုပ်ပြီး ကျပ်(၁,၀၀၀)နှင့် ဘတ်(၂၀)ပေးကာ လုပ်ဆောင်နေရခြင်း ဖြစ်ကြောင်း သိရသည်။

အပိုဆောင်း ဘတ်(၂၀)ကောက်ခံမှုကို ၂၀၂၄ခုနှစ် စက်တင်ဘာလ(၁၂)ရက်နေ့ကနေ ယနေ့ ၂၀၂၄ခုနှစ် အောက်တိုဘာလ(၃)ရက်နေ့အထိ ကောက်ခံနေခြင်း ဖြစ်ကြောင်း သိရသည်၊