ဘင်္ဂလားဒေ့ရှ်တွင် ဝန်ကြီးချုပ်ဟာစီနာ နုတ်ထွက်ရေး လူထောင်ပေါင်းများစွာ စုရုံးဆန္ဒပြ

ဘင်္ဂလားဒေ့ရှ်တွင် ဝန်ကြီးချုပ်ဟာစီနာ နုတ်ထွက်ရေး လူထောင်ပေါင်းများစွာ စုရုံးဆန္ဒပြ
ဒီဇင်ဘာ 12, 2022 | နိုင်ငံတကာသတင်း
By Mr John

ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဒါကာမြို့တော်တွင် ဒီဇင်ဘာလ (၁၁) ရက်နေ့က လူထောင်ပေါင်းများစွာ လမ်းပေါ်ထွက် ဆန္ဒပြခဲ့ကြပြီး လွှတ်တော်ဖျက်သိမ်းကာ ရွေးကောက်ပွဲ အသစ် ကျင်းပရန်နှင့် ဝန်ကြီးချုပ် ရှိတ်ဟာစီနာ နုတ်ထွက်ရန် တောင်းဆိုခဲ့ကြသည်။ 

ဒါကာမြို့တော်တွင် ပြုလုပ်ခဲ့သည့် လူပေါင်းများစွာ ပါဝင်သော ကြီးမားသည့် ဆန္ဒပြပွဲကို အတိုက်အခံ Bangladesh Nationalist Party (BNP) ပါတီက စီစဥ်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ဝန်ကြီးချုပ်ဟာစီနာက လောင်စာဆီဈေးနှုန်းနှင့် လူနေမှုစရိတ် မြင့်တက်နေမှုတို့ကို ကိုင်တွယ်ဖြေရှင်းနိုင်ခြင်း မရှိကြောင်း BNP က စွပ်စွဲထားသည်။ 

ဘင်္ဂလားဒေ့ရှ်တွင် ဝန်ကြီးချုပ်ဟာစီနာ ရာထူးမှဆင်းပေးရန်နှင့် ရွေးကောက်ပွဲအသစ်များ ကျင်းပရန် တောင်းဆိုမှုများရှိနေစဥ် ဒီဇင်ဘာလ (၁၁) ရက်နေ့က ကြီးမားသည့် ဆန္ဒပြပွဲပေါ်ပေါက်လာခြင်းလည်း ဖြစ်သည်။

ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ဟာစီနာကမူ အတိုက်အခံ ခေါင်းဆောင်များကို မီးမွှေးသည့် အကြမ်းဖက်သမားများဟု သုံးနှုန်းခေါ်ဆိုလိုက်ပြီး အကြီးဆုံး အတိုက်အခံပါတီဖြစ်သည့် BNP ကို အာဏာပြန်ရယူခွင့်မပေးရန် ပြည်သူလူထုအား သတိပေးခဲ့သည်။ 

ဘင်္ဂလားဒေ့ရှ်တွင် ဒီဇင်ဘာလ (၁၁) ရက် ဆန္ဒပြပွဲမတိုင်မီ ဖမ်းဆီးမှုများရှိခဲ့ကြောင်းလည်း သိရသည်။

ရဲတပ်ဖွဲ့က BNP ပါတီ၏ အထွေထွေအတွင်းရေးမှူးချုပ် Mirza Alamgir အပါအဝင် ပါတီခေါင်းဆောင် (၂) ဦးကို ဒီဇင်ဘာလ (၁၀) ရက်နေ့တွင် ဖမ်းဆီးခဲ့သည်။ 

Alamgir ကို စွဲချက်တင်ထားကြောင်း အာဏာပိုင်များက ပြောခဲ့ပြီး နောက်ထပ် သတင်းအချက်အလက် မပေးခဲ့ဟု ဆိုသည်။ 

ဘင်္ဂလားဒေ့ရှ်တွင် ဒီဇင်ဘာလ (၇) ရက်နေ့ကလည်း ဆန္ဒပြမှုများ ဖြစ်ပွားခဲ့ပြီး ဆန္ဒပြသူများနှင့် ရဲတပ်ဖွဲ့ ထိပ်တိုက်တွေ့မှုအတွင်း အနည်းဆုံး အမျိုးသားတစ်ဦး သေဆုံးခဲ့သည်။

ဒါကာမြို့တော်ရှိ BNP ပါတီရုံးရှေ့တွင် လာရောက်စုရုံးကြသူများကို လုံခြုံရေးတပ်ဖွဲ့က မျက်ရည်ယိုဗုံးဖြင့်ပစ်ပြီး လူစုခွဲရန် လုပ်ဆောင်ခဲ့ကြောင်း သိရသည်။ 

ဘင်္ဂလားဒေ့ရှ် ပြန်ကြားရေးဝန်ကြီး Hasan Mahmud ကမူ တက်ကြွလှုပ်ရှားသူများ လုပ်ထားသည့် ပုလင်းဗုံး (မီးလောင်ဗုံး) ထိမှန်ခဲ့ပြီးနောက် အမျိုးသားတစ်ဦး သေဆုံးခဲ့ကြောင်းနှင့် BNP ပါတီက ပရမ်းပတာအခြေအနေ ဖန်တီးနေသည်ဟု အပြစ်တင်ပြောဆိုခဲ့ကြောင်း နိုင်ငံပိုင်းသတင်းဌာန BSS က ဖော်ပြသည်။

ဘင်္ဂလားဒေ့ရှ် အထွေထွေရွေးကောက်ပွဲကို ၂၀၂၃ ခုနှစ်တွင် ကျင်းပရန် စီစဥ်ထားသော်လည်း ရွေးကောက်ပွဲကော်မရှင်က ရွေးကောက်ပွဲရက်ကို ထုတ်ပြန်ကြေညာခြင်းမရှိသေးပေ။ 

ဘင်္ဂလားဒေ့ရှ်တွင် အသက် (၇၅) နှစ်အရွယ် လက်ရှိဝန်ကြီးချုပ် ဟာစီနာ ဦးဆောင်သည့် Bangladesh Awami League ပါတီက ၂၀၀၉ ခုနှစ်ကတည်းက အာဏာရလာခဲ့ခြင်း ဖြစ်သည်။ 

ဟာစီနာက ၂၀၁၈ ခုနှစ် ရွေးကောက်ပွဲတွင် ဝန်ကြီးချုပ်အဖြစ် သုံးကြိမ်ဆက်တိုက် အနိုင်ရခဲ့သည်။ 

သို့သော် ထိုရွေးကောက်ပွဲမှာ လူသေဆုံးမှုများရှိခဲ့သည့် အကြမ်းဖက်မှုနှင့် မဲလိမ်လည်မှု စွပ်စွဲချက်များကြောင့် ရုပ်ပျက်ခဲ့သည်။

ဘင်္ဂလားဒေ့ရှ်တွင် လက်ရှိဖြစ်ပေါ်နေသည့် အခြေအနေများကို စိုးရိမ်ပူပန်ကြောင်းနှင့် အာဏာပိုင်များအနေဖြင့် စုံစမ်းစစ်ဆေးမှုလုပ်ရန်နှင့် လွတ်လပ်စွာထုတ်ဖော်ပြောဆိုခွင့်နှင့် ငြိမ်းချမ်းစွာစုဝေးခွင့်ကို အကာအကွယ်ပေးရန် ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ အမေရိကန်သံအမတ် Peter B. Haas က ဒီဇင်ဘာလ (၉) ရက်နေ့တွင် ကြေညာချက်ထုတ်ပြန် ပြောကြားထားကြောင်း သိရသည်။

Source: CNN

Photo: Mamunur Rashid/NurPhoto/AP, Stringer/Reuters, Rehman Asad/AFP/Getty Images, Mahmud Hossain Opu/AP