ကမ္ဘာတဝန်းတွင် ၎င်း၏ သုက်ပိုးလှူဒါန်းမှုဖြင့် ရရှိထားသော ကလေးအရေအတွက် (၅၀၀) နှင့် (၆၀၀) ကြား ရှိလာခဲ့ပြီးနောက် နယ်သာလန်နိုင်ငံ တရားရုံးတစ်ရုံးက သုက်ပိုးအလှူရှင် အမျိုးသားကို သုက်ပိုးလှူဒါန်းမှု ရပ်တန့်ရန် အမိန့်ချမှတ်လိုက်ကြောင်း သိရသည်။
နယ်သာလန်နိုင်ငံ ဆေးရုံ/ဆေးခန်း လမ်းညွှန်ချက်အရ သုက်ပိုးအလှူရှင်တစ်ဦးမှာ ၎င်း၏ သုက်ပိုးလှူဒါန်းမှုဖြင့် မိသားစု (၁၂) ခုတွင် ကလေး (၂၅) ဦးထက် ပိုများသော ဖခင်မဖြစ်သင့်ကြောင်း ပြောထားသည်။
Telegraaf သတင်းစာက Jonathan Meijer ဟု အမည်ဖော်ပြထားသူ အသက် (၄၁) နှစ်အရွယ် သုက်ပိုးအလှူရှင် နယ်သာလန်နိုင်ငံသား အမျိုးသားကို ဆေးရုံ/ဆေးခန်းများသို့ နောက်ထပ် သုက်ပိုးလှူဒါန်းခြင်းမပြုရန် တရားရုံးက တားမြစ်ပိတ်ပင်လိုက်သည်။
တရားရုံး တားမြစ်ချက်ကို ဖောက်ဖျက်ကျူးလွန်ပါက Jonathan မှာ တစ်ကြိမ်လျှင် ယူရို (၁၀၀,၀၀၀) (အမေရိကန်ဒေါ်လာ ၁၁၀,၀၀၀) ငွေဒဏ်ချမှတ်ခံရနိုင်သည်။
Jonathan အနေဖြင့် ပြည်ပနိုင်ငံများရှိ ဆေးရုံ/ဆေးခန်းများတွင် သိုလှောင်သိမ်းဆည်းထားသော ၎င်း၏သုက်ပိုးများကို ဖျက်ဆီးပစ်ရန် စာရေးသား၍ အကြောင်းကြားရန်လည်း တရားရုံးက ညွှန်ကြားခဲ့သည်။
၎င်း၏သုက်ပိုးဖြင့် ကလေးရရှိထားပြီးသား မိဘများအတွက် ဖယ်ချန်ထားသော သုက်ပိုးများကိုသာ ဆက်လက် သိမ်းဆည်းခွင့်ပြုကြောင်း တရားရုံးက ပြောသည်။
Jonathan ၏ သုက်ပိုးဖြင့် ရရှိထားသော ကလေးများနှင့် နယ်သာလန်မိဘများကို ကိုယ်စားပြုသည့် ဖောင်ဒေးရှင်းတစ်ခုက အရပ်ဘက်အမှုကိစ္စအဖြစ် စတင်ခဲ့ပြီးနောက် တရားရုံးက ယခုကဲ့သို့ ဆုံးဖြတ်လိုက်ခြင်းလည်း ဖြစ်သည်။
Jonathan က သုက်ပိုးများ ဆက်လက် လှူဒါန်းနေခြင်းမှာ ကလေးများ၏ ပုဂ္ဂလိကဘဝကို အခွင့်အရေးကို ချိုးဖောက်ရာရောက်ကြောင်း အဆိုပါ ဖောင်ဒေးရှင်းက ပြောသည်။
ထိုကလေးများမှာ မတော်တဆ သွေးသားတော်စပ်သူချင်း ပေါင်းဖက်မိမည်ကို စိုးရိမ်မှုများကြောင့် ၎င်းတို့၏ အချစ်ရေးတွင် အနှောင့်အယှက်ဖြစ်စေသည်ဟု ဆိုသည်။
Jonathan က သုက်ပိုးအများအပြား လှူဒါန်းနေခြင်းကို ၂၀၁၇ ခုနှစ်တွင် စတင်သိရှိလာခဲ့ပြီး နယ်သာလန်တွင် ၎င်း၏သုက်ပိုးဖြင့် ကလေး (၁၀၀) ကျော် ရရှိထားခဲ့ပြီးနောက် နယ်သာလန်ရှိ ဆေးရုံ/ဆေးခန်းများသို့ သုက်ပိုးလှူဒါန်းခြင်းမပြုရန် တားမြစ်ပိတ်ပင်ခဲ့သည်။
သို့သော် Jonathan က နိုင်ငံတကာတွင် လုပ်ငန်းလုပ်ကိုင်နေသည့် နယ်သာလန် သုက်ပိုးဘဏ် Cryos အပါအဝင် ပြည်ပနိုင်ငံများသို့ ၎င်း၏သုက်ပိုးကို ဆက်လက် လှူဒါန်းနေခဲ့သည်။
Jonathan က ဝက်ဘ်ဆိုက်များတွင်လည်း သုက်ပိုးလှူဒါန်းသူအဖြစ် မိဘများကို ကမ်းလှမ်းမှုများ ဆက်လက် လုပ်ဆောင်ခဲ့ပြီး တစ်ခါတရံ အမည်လွှဲကို အသုံးပြုခဲ့ကြောင်း Algemeen Dagblad သတင်းစာက ပြောသည်။
Source: CNA, AFP