အင်းတော်မြို့နယ် အောင်းကုန်းရွာကို စစ်ကြောင်းထိုးသည့် အာဏာသိမ်းတပ်နှင့် KIA၊ PDF ပူးပေါင်းအဖွဲ့တို့ တိုက်ပွဲဖြစ်

အင်းတော်မြို့နယ် အောင်းကုန်းရွာကို စစ်ကြောင်းထိုးသည့် အာဏာသိမ်းတပ်နှင့် KIA၊ PDF ပူးပေါင်းအဖွဲ့တို့ တိုက်ပွဲဖြစ်
အောက်တိုဘာ 19, 2022 | 2021 Military Coup| အခြားဒေသများ
By Tachileik News Agency

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ အောင်းကုန်းရွာအတွင်း စစ်ကြောင်းထိုးလာသည့် အာဏာသိမ်းစစ်ကောင်စီတပ်နှင့် KIA ၊ PDF ပူးပေါင်းတပ်များကြား ၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ (၁၈) ရက်နေ့ ညပိုင်းက တိုက်ပွဲဖြစ်ပွားကြောင်း Indaw Revolution-IR က ယနေ့သတင်းထုတ်ပြန်သည်။

အင်အား (၆၀) ကျော်ဖြင့် စစ်ကြောင်းထိုးလာသော စစ်ကောင်စီတပ်ကို KIA နှင့် PDF ပူးပေါင်းတပ်ဖွဲ့များက ညနေ ၆ နာရီဝန်းကျင်တွင် ကြားဖြတ်ဝင်ရောက်တိုက်ခိုက်ခဲ့မှုအတွင်း စစ်ကောင်စီတပ်ဖွဲ့ဘက်၌ ထိခိုက်သေဆုံးသူများပြားသည်ဟု သိရသည်။

အဆိုပါတိုက်ခိုက်မှုအတွင်း အထိနာသွားသည့် စစ်ကောင်စီတပ်က ည ၆ နာရီ ၁၈ မိနစ်ဝန်းကျင်တွင် တိုက်လေယာဥ်ဖြင့် ဝင်ရောက်ပစ်ခတ်ခဲ့ရာ အရပ်သား အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရသွားကြောင်း သိရသည်။

ယင်းအပြင် အောင်းကုန်းရွာမှ နေအိမ် (၅) လုံး၊ အင်ပင်ရွာမှ နေအိမ် (၂) လုံးတို့မှာလည်း စစ်ကောင်စီတပ်၏ လက်နက်ကြီးကျည် ထိမှန်ပျက်ဆီးခဲ့သည့်အပြင် အောင်းကုန်းရွာမှ နေအိမ် (၄) လုံးကိုလည်း မီးရှို့သွားသည်ဟု သိရသည်။

ယမန်နေ့ညက တိုက်ခိုက်ခဲ့သည့် အဆိုပါ စစ်ကောင်စီတပ်ဖွဲ့သည် အောက်တိုဘာလ (၁၉) ရက်နေ့ နံနက်တွင် အောင်းကုန်းနှင့် အင်ပင်ရွာ၌ ဆက်လက်ရှိနေကြပြီး အနီးဝန်းကျင်ကို လက်နက်ကြီးများဖြင့် ပစ်ခတ်နေသည်ဟု သိရသည်။