သင်္ကန်းကျွန်း မြို့နယ်လဝကရုံးအတွင်း ပစ်ခတ်မှုတွင် ဝင်လုံးသည့် လူဝင်မှုကြီးကြပ်ရေးမှူး သေဆုံးကြောင်း အတည်ပြု  

သင်္ကန်းကျွန်း မြို့နယ်လဝကရုံးအတွင်း ပစ်ခတ်မှုတွင် ဝင်လုံးသည့် လူဝင်မှုကြီးကြပ်ရေးမှူး သေဆုံးကြောင်း အတည်ပြု  
သြဂုတ် 14, 2022 | အခြားဒေသများ

ရန်ကုန်အရှေ့ပိုင်းခရိုင်အတွင်း သင်္ကန်းကျွန်းမြို့နယ်ရှိ မြို့နယ်လဝကဦးစီးမှူးရုံးအတွင်း ၂၀၂၂ခုနှစ် ဩဂုတ်လ(၁၂)ရက်နေ့ ညနေပိုင်းက သေနတ်ဖြင့် ဝင်ပစ်ခတ်ခံရမှုအတွင်း သေနတ်သမားကို ဝင်လုံးသည့် လူဝင်မှုကြီးကြပ်ရေးမှူး တစ်ဦး သေဆုံးကြောင်း ယနေ့ ၂၀၂၂ခုနှစ် ဩဂုတ်လ(၁၄)ရက်နေ့ထုတ် စစ်ကောင်စီ၏ ဝါဒဖြန့် သတင်းစာကနေ အတည်ပြုထားသည်ကို တွေ့ရသည်။

မြို့နယ်လဝကဦးစီးမှူးရုံးအတွင်း ပစ်ခတ်မှုတွင် လူဝင်မှုကြီးကြပ်ရေးမှူး တစ်ဦး ကျည်(၂)ချက်ထိမှန်ကာ သေဆုံးပြီး မြို့နယ်လဝကမှူးလည်း ဒဏ်ရာရသည်ဟု သတင်းများထွက်ပေါ်ခဲ့သည်။

ပစ်ခတ်မှု၏ CCTV မှတ်တမ်းအရ လူငယ်(၂)ဦးမှ ရုံးအတွင်းသို့ ဝင်ရောက်လာပြီး ရုံး၏အတွင်းပိုင်းထဲသို့ ဝင်ပစ်ခတ်စဉ် အရှေ့ပိုင်းတွင် ငြိမ်နေကြသူများထဲက အမျိုးသားတစ်ဦးမှာ ထလာပြီး သေနတ်သမားကို ဝင်လုံးထွေးလိုက်ခြင်းဖြစ်ရာမှ သေဆုံးခြင်းဖြစ်သည်ကို တွေ့ရသည်။



"CCTV ထဲမှာ တွေ့ရတယ် သေနတ်သမားက သူ့ကို ဦးတည်တာမဟုတ်ဘူး။ သူက သူများတွေလို အငြိမ်နေရင် သေမှာမဟုတ်ဘူး။ အခုတော့ အငြိမ်နေလို့ သေတဲ့သဘောဖြစ်နေတယ်။ "ဟု CCTV မှတ်တမ်းကို ကြည့်ရှုသူ တစ်ဦးက မှတ်ချက်ပြုသည်။

အဆိုပါ ဖြစ်စဉ်၏ CCTV မှတ်တမ်း လူမှုကွန်ရက်များတွင် ပေါ်ထွက်လာပြီး CCTV မှတ်တမ်းကို ကြည့်ရှု့သည့် ပြည်သူများက အခုလို ဝင်ရောက် ပစ်ခတ်သည့် "လူငယ်များ ဘေးကင်းပါစေ"ဟု ဆုတောင်း မှတ်ချက်ပြုထားကြသည်ကိုလည်း တွေ့ရသည်။

ပြီးခဲ့သည့် ဩဂုတ်လ(၃)ရက်နေ့တုန်းကလည်း မွန်ပြည်နယ်၊ ရေးမြို့နယ်လဝကဦးစီးမှူးရုံးမှ လူဝင်မှုကြီးကြပ်ရေးမှူး တစ်ဦး နှင့် ဒုလဝကကြီးကြပ်ရေးမှူး စုစုပေါင်း(၂)ဦးတို့လည်း သေနတ်ဖြင့် ပစ်ခတ်ခံရပြီး သေဆုံးခဲ့ကြောင်း သိရသည်။

မြန်မာနိုင်ငံကို အာဏာသိမ်းစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် အာဏာသိမ်းလိုက်ပြီးနောက်ပိုင်း ပြည်သူအတွက်ဟု အကြောင်းပြကာ စစ်ကောင်စီ၏ ယန္တယားလည်ပတ်နိုင်ရန် အလုပ်အကြွေးပြုနေသည့် ဌာနများထဲက လဝက ရုံးများလည်း စစ်တပ်နှင့်ရဲစခန်းပြီးလျှင် တတိယအဆင့် ပစ်မှတ်အဖြစ် သတ်မှတ်ခံထားရပြီး ဗုံးပေါက်ခွဲမှုများ နှင့် ယခုလို ပစ်ခတ်မှုများ ဖြစ်ပွားလေ့ရှိသည်။