အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်အတွင်း နေရာဒေသများတွင် တောမီးလောင်မှုကြောင့် အရေးပေါ်အခြေအနေ ကြေညာထား

အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်အတွင်း နေရာဒေသများတွင် တောမီးလောင်မှုကြောင့် အရေးပေါ်အခြေအနေ ကြေညာထား
ဇူလိုင် 25, 2022 | နိုင်ငံတကာသတင်း
By Mr John

 

အမေရိကန်နိုင်ငံတွင် ဖြစ်ပွားနေသည့် အကြီးမားဆုံး တောမီးလောင်မှုမှာ လျင်မြန်စွာ ပျံ့နှံ့လာခဲ့ရာ ကယ်လီဖိုးနီးယားပြည်နယ်ရှိ နေရာဒေသများ၌ အရေးပေါ်အခြေအနေ‌ ကြေညာထားကြောင်း သိရသည်။ 

Oak Fire တောမီးလောင်မှုမှာ ဇူလိုင်လ (၂၂) ရက်နေ့ကစပြီး လျင်မြန်စွာ ကြီးမားလာခဲ့ပြီး မီးသတ်သမားများ မီးထိန်းနိုင်ရန် ရုန်းကန်နေကြရသည်။

ပေါက်ကွဲမှုများ ဖြစ်ပေါ်သည့် မီးလောင်မှုအခြေအနေက မီးသတ်သမားများအတွက် စိန်ခေါ်မှုဖြစ်နေကြောင်း ကယ်လီဖိုးနီးယား မီးသတ်ဌာနက ပြောသည်။ 

တောမီးကြောင့် လူဦးရေ (၆,၀၀၀) ကျော် ရွှေ့ပြောင်းခဲ့ရပြီး နေအိမ် (၁၀) လုံး ပျက်စီးခဲ့သည်။ 

ကယ်လီဖိုးနီးယားပြည်နယ် Mariposa ကောင်တီတွင် အရေးပေါ်အခြေအနေ ကြေညာထားပြီး ထိုသို့ကြေညာမှုအရ ပြည်နယ်အနေဖြင့် တောမီးငြှိမ်းသတ်ရေးတွင် ပြည်ထောင်စုအစိုးရထံမှ အကူအညီအချို့ ရရှိမည်ဖြစ်သည်။

တောမီးလောင်မှုကို မီးသတ်သမား (၄၀၀) ခန့်နှင့် မီးသတ်ရယာဥ် (၄) စီးဖြင့် ငြှိမ်းသတ်နေသည်ဟု ဆိုသည်။ 

ကယ်လီဖိုးနီးယား မီးသတ်ဌာနမှ ပြောခွင့်ရအမျိုးသမီး Natasha Fouts ၏ အဆိုအရ တောမီးကို လာမည့်သီတင်းပတ်အထိ ထိန်းချုပ်နိုင်မည်ဟု တာဝန်ရှိသူများက မျှော်လင့်မထားကြောင်း သိရသည်။

မီးတောက်များ ၎င်းတို့၏ နေအိမ်ကို ချဥ်းကပ်လာမှုကြောင့် ဒေသခံများ အမြန်ထွက်ပြေးခဲ့ကြရပြီး သက်ကြီးရွယ်အို အမျိုးသားကြီးတစ်ဦးမှာ ဇူလိုင်လ (၂၂) ရက်နေ့က တောမီးလွတ်ရာသို့ ဖိနပ်မပါဘဲ ထွက်ပြေးခဲ့ရကြောင်းနှင့် ၎င်း၏ကား မြောင်းထဲထိုးကျသွားပြီးနောက် မီးသတ်သမားများကို ကယ်တင်ခဲ့ရသည်ဟု ဆိုသည်။

တောမီးကြောင့် ရွှေ့ပြောင်းရသူ များပြားလာခဲ့ရာ ခိုလှုံစရာရှာသူ အားလုံးအတွက် နေထိုင်ထိုင်ခင်းရှာဖွေရန် စိန်ခေါ်မှုဖြစ်လာသည်။ 

ဒေသခံ ဟိုတယ်ပိုင်ရှင် Alyssa Wildt က LA Times သတင်းဌာနကို ပြောကြားမှုအရ ၎င်း၏ဟိုတယ်တွင် တောမီးကြောင့် ရွှေ့ပြောင်းလာသူများနှင့် ပြည့်နေကြောင်းလည်း သိရသည်။

အမေရိကန်၏ ပြည်နယ်အတော်များများတွင် အပူလှိုင်းဖြတ်နေပြီး ပြည်နယ်အရေအတွက် တစ်ဒါဇင်ကျော်၌ အပူဒဏ်သတိပေးချက်များ ထုတ်ပြန်ထားသည်။ 

ကယ်လီဖိုးနီးယားပြည်နယ် Mariposa ကောင်တီတွင် ဇူလိုင်လ (၂၃) ရက်နေ့က အပူချိန် (၃၅.၅) ဒီဂရီဆဲလ်စီးယပ် ဖြစ်ပေါ်ခဲ့ပြီး လာမည့် ရက်အနည်းငယ်အတွင်း ထိုအပူချိန် ဆက်ဖြစ်နေမည်ဟု ခန့်မှန်းထားသည်။

ကမ္ဘာ့အကြီးဆုံးနှင့် သက်တမ်းအရှည်ဆုံး sequoia သစ်ပင်ကြီးများရှိရာ Yosemite အမျိုးသားဥယျာဥ်မှာ Oak Fire တောမီးလောင်မှု၏ အရှေ့မြောက်တွင် တည်ရှိနေပြီး ထိုသစ်ပင်ကြီးများမှာ ယခုလအစောပိုင်းကလည်း နောက်ထပ် တောမီးလောင်မှုတစ်ခုကြောင့် ခြိမ်းခြောက်မှုကြုံခဲ့ရသေးသော်လည်း မီးသတ်သမားများကို ၎င်းတို့ကို တောမီးမလောင်စေရန် စီစဥ်ကာကွယ်နိုင်ခဲ့သည်။

အမေရိကန်သစ်တောဌာန Yosemite အမျိုးသားဥယျာဥ်ရှိ သစ်ပင်ကြီးများကို တောမီးကနေ ကာကွယ်ရန်‌ တောမီးလောင်မှုကို ပိုမိုအားကောင်းစေမည့် အပင်နိမ့်များကို ဖယ်ရှားပစ်ခြင်းနှင့် အခြား အစီအမံများ အပါအဝင် အရေးပေါ်စီမံဆောင်ရွက်မှုများကို ဇူလိုင်လ (၂၂) ရက်နေ့တွင် လုပ်ဆောင်ခဲ့သည်။ 

ရာသီဥတုပြောင်းလဲမှုက ပူပြင်းခြောက်သွေ့သော ရာသီဥတုကြောင့် တောမီးလောင်မှုဖြစ်နိုင်ခြေကို မြင့်တက်စေကြောင်း သိရသည်။

စက်မှုလုပ်ငန်းခေတ် စတင်ခဲ့သည့်နောက်ပိုင်း ကမ္ဘာကြီးမှာ (၁.၁) ဒီဂရီဆဲလ်စီးယပ်ခန့် အပူချိန် မြင့်တက်လာခဲ့ပြီး ကမ္ဘာတဝန်း အစိုးရများ ဓာတ်ငွေ့ထုတ်လွှတ်မှုများကို သိသိသာသာ လျှော့ချခြင်းမရှိပါက အပူချိန်များ ဆက်လက် မြင့်တက်နေမည်ဖြစ်သည်။ 

လတ်တလော သီတင်းပတ်များအတွင်း ဥရောပတွင်လည်း အပူလှိုင်းဖြတ်မှုနှင့်အတူ စပိန်၊ ဂရိ၊ ပြင်သစ်နှင့် ပေါ်တူဂီနိုင်ငံတို့တွင် တောမီးလောင်မှုကို ထိန်းချုပ်ရန် ရုန်းကန်နေခဲ့ကြရသည်။

Source: BBC

Photo: GETTY IMAGES,  REUTERS/David Swanson,  REUTERS/Carlos Barria, REUTERS/Tracy Barbutes,