မြန်မာနိုင်ငံတွင် အာဏာသိမ်း စစ်အုပ်စုက လူငယ်များ အထူးသဖြင့် အမျိုးသားများကို နိုင်ငံမှထွက်ခွာ၍ ပြည်ပတွင် အလုပ် လုပ်ခွင့် တားမြစ်ပိတ်ပင်လိုက်မှုကြောင့် ထိုင်းနိုင်ငံ ပတ္တရားမြို့တွင် အလုပ်သမား ရှားပါး ပြတ်လပ်မှု ကြုံလာရမည်ကို ထိုင်းအလုပ်ရှင်များ စိုးရိမ်ပူပန်နေကြသည်။
စစ်အုပ်စု ပြောခွင့်ရပုဂ္ဂိုလ် ဇော်မင်းထွန်းကမူ နိုင်ငံမှထွက်ခွာ၍ ပြည်ပတွင် အလုပ် လုပ်ခွင့် တားမြစ်ပိတ်ပင်ခြင်းမှာ နိုင်ငံသားအများအပြားက အိမ်နီးချင်းနိုင်ငံများ အထူးသဖြင့် ထိုင်းနိုင်ငံသို့ အစုလိုက်အပြုံလိုက် ထွက်ခွာနေကြခြင်းကြောင့်ဟု ဆိုသည်။
ပတ္တရားမြို့နှင့် အရှေ့ဘက် ပင်လယ်ကမ်းခြေရှိ စက်ရုံများ၊ စိုက်ပျိုးရေးလုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်း၊ ခရီးသွားလုပ်ငန်းနှင့် အထူးသဖြင့် ငါးဖမ်းလုပ်ငန်း အပါအဝင် အလုပ်မျိုးစုံမှာ မြန်မာအလုပ်သမားများကို အဓိက မှီခိုနေရသည်။
ထိုင်းနိုင်ငံတွင် တရားဝင် အလုပ် လုပ်ကိုင်နေသည့် မြန်မာအလုပ်သမား (၂၅၀,၀၀၀) ခန့်ရှိရာ ၎င်းတို့အနက် လေးပုံတစ်ပုံနီးပါးမှာ ပတ္တရားတွင် ဖြစ်ပြီး ယခုအခါ ထိုဒေသ၌ အလုပ်သမား ရှားပါးပြတ်လပ်မှု ကြုံနေရသည်။
ထိုင်းနိုင်ငံတွင် အလုပ် လုပ်ကိုင်နေသည့် မြန်မာအလုပ်သမား အမှန်တကယ် အရေအတွက်မှာ ပို၍များပြားမည်ဟု ယူဆရပြီး တရားမဝင် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာသည့် ရွှေ့ပြောင်းအလုပ်သမားများလည်း အများအပြားရှိနေပြီး ၎င်းတို့၏ မိသားစုများနှင့်အတူ ရွှေ့ပြောင်းလာသူများလည်း ရှိသည်။
လူငယ်များကို ပြည်ပထွက်ခွာ အလုပ် လုပ်ခွင့် တားမြစ်ပိတ်ပင်လိုက်သည့် အာဏသိမ်း စစ်အုပ်စု၏ ရည်ရွယ်ချက်ကို ရှင်းရှင်းလင်းလင်း မသိရသေးဟု The Thaiger သတင်းက ဖော်ပြသည်။
အာဏာသိမ်း စစ်အုပ်စုမှာ လက်နက်ကိုင် တော်လှန်ရေးတပ်ဖွဲ့များနှင့် ဖြစ်ပွားနေသည့် စစ်ပွဲအတွက် တပ်သားသစ်များ လိုအပ်နေသော်လည်း ပြည်ပတွင် သွားရောက်အလုပ်လုပ်ကိုင်နေသော အလုပ်သမားများက အိမ်ပြန်ပို့သည့် နိုင်ငံခြားငွေအပေါ်တွင်လည်း မှီခိုနေရသည်။
၂၀၂၄ ခုနှစ် မေလ (၁) ရက်နေ့တွင် စစ်အုပ်စုက ပြည်ပတွင် အလုပ် လုပ်ရန် တရားဝင် ခွင့်ပြုပေးမှုကို ရပ်ဆိုင်းလိုက်ပြီး နောက်ပိုင်းတွင် ထိုရပ်ဆိုင်းမှုတွင် အသက် (၂၃) နှစ်မှ (၃၁) နှစ်အရွယ်များသာ အကျုံးဝင်ကြောင်း ပြောထားသည်။
လက်ရှိတွင် ထိုင်းနိုင်ငံ၏ အလုပ် လုပ်သည့်အရွယ် လူဦးရေမှာ (၄၀.၇) သန်းရှိပြီး အလုပ်အကိုင်နေရာ (၄၄) သန်းရှိရာ အလုပ်သမား ရှားပါးမှုက ထိုင်းစီးပွားရေးကို သိသိသာသာ ခြိမ်းခြောက်လာကြောင်း သိရသည်။
Source: The Thaiger