ဖမ်းခံထားရသည့် Telegram တည်ထောင်သူ ဒူရော့ဗ်တွင် ဘာမှ ဖုံးကွယ်ထားစရာ မရှိကြောင်း ယူအေအီး Telegram အဖွဲ့က ပြောဆို

ဖမ်းခံထားရသည့် Telegram တည်ထောင်သူ ဒူရော့ဗ်တွင် ဘာမှ ဖုံးကွယ်ထားစရာ မရှိကြောင်း ယူအေအီး Telegram အဖွဲ့က ပြောဆို
သြဂုတ် 27, 2024 | နိုင်ငံတကာသတင်း
By Mr John

 မြန်မာအပါအဝင် ကမ္ဘာတဝန်း လူသုံးများသည့် မက်ဆေ့ချ်နှင့် ဆိုရှယ်မီဒီယာ အက်ပလီကေးရှင်း ဖြစ်သည့် Telegram ၏ တည်ထောင်သူနှင့် စီအီးအိုဖြစ်သူ ရုရှားနွယ်ဖွား ပါဗဲလ် ဒူရော့ဗ်ကို ပြင်သစ်နိုင်ငံ ပဲရစ်မြို့တွင် ဖမ်းဆီးလိုက်ခြင်းအပေါ် ယူအေအီးနိုင်ငံ ဒူဘိုင်းမြို့ အခြေစိုက် Telegram အဖွဲ့က ၂၀၂၄ ခုနှစ် ဩဂုတ်လ (၂၆) ရက်နေ့၌ ထုတ်ပြန်ချက်တစ်ရပ် ထုတ်ပြန်ခဲ့သည်။

"Telegram စီအီးအို ပါဗဲလ် ဒူရော့ဗ်ဆီမှာ ဖုံးကွယ်ထားစရာ ဘာမှ မရှိဘဲ ဥရောပကို မကြာခဏ ခရီးသွားလာနေပါတယ်။ Telegram ကို အလွဲသုံးစားလုပ်မှုအတွက် ဒီပလက်ဖောင်း သို့မဟုတ် ပိုင်ရှင်မှာ တာဝန်ရှိတယ်လို့ ပြောဆိုတာက အဓိပ္ပါယ်မဲ့ပြီး ရယ်စရာကောင်းပါတယ်။ ဒီအခြေအနေ အမြန်ဆုံး ဖြေရှင်းပြီး ပြေလည်မှုကို ကျွန်ုပ်တို့ စောင့်မျှော်နေပါတယ်။ Telegram က သင်တို့အားလုံးနဲ့အတူ ရှိနေပါတယ်" ဟု ထုတ်ပြန်ချက်တွင် ပြောထားသည်။

အသက် (၃၉) နှစ်အရွယ် ဘီလျံနာ ဒူရော့ဗ်မှာ ၂၀၂၄ ခုနှစ် ဩဂုတ်လ (၂၄) ရက်နေ့ နှောင်းပိုင်းက ကိုယ်ပိုင်ဂျက်လေယာဥ်ဖြင့် အဇာဘိုင်ဂျန်နိုင်ငံမှ ပြင်သစ်နိုင်ငံ ပဲရစ်မြို့ပြင်ရှိ Le Bourget လေဆိပ်သို့ ရောက်ရှိလာပြီး မကြာမီ အဖမ်းခံခဲ့ရသည်။

Telegram စီအီးအို အဖမ်းခံရပြီးနောက် ၎င်း၏ အခွင့်အရေးများကို ပေးရမည်ဖြစ်ကြောင်း ရုရှားအစိုးရက ပြင်သစ်ကို သတိပေးခဲ့ပြီး X လူမှုကွန်ရက်၏ ပိုင်ရှင်ဖြစ်သူ အီလွန် မက်စ်ကလည်း ဥရောပတွင် လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့် တိုက်ခိုက်ခံရနေပြီဟု ဝေဖန်ပြောဆိုခဲ့သည်။ 

ပြင်သစ်သမ္မတ အီမန်နျူရယ် မက်ခရွန်ကမူ ဒူရော့ဗ်ကို ဖမ်းဆီးခြင်းမှာ တရားစီရင်ရေးဆိုင်ရာ စုံစမ်းစစ်ဆေးခြင်း၏ အစိတ်အပိုင်းဖြစ်ပြီး နိုင်ငံရေးရည်ရွယ်ချက် မရှိကြောင်း ၂၀၂၄ ခုနှစ် ဩဂုတ်လ (၂၆) ရက်နေ့တွင် တုံ့ပြန်ထားသည်။

ရုရှားနွယ်ဖွား ဘီလျံနာ ဒူရော့ဗ်က ပြင်သစ်နှင့် ယူအေအီး (၂) နိုင်ငံ၏ နိုင်ငံသားအဖြစ် ခံယူထားသူဖြစ်ပြီး ၎င်းကို ဖမ်းဆီးလိုက်ခြင်းမှာ Telegram ပေါ်တွင် စိစစ်သူ မရှိမှုကြောင့် ကျယ်ပြန့်သော ရာဇဝတ်မှုများ ကျူးလွန်ရန် ခွင့်ပြုထားကြောင်း စွပ်စွဲချက်များကို ရဲတပ်ဖွဲ့ စုံစမ်းစစ်ဆေးမှု၏ အစိတ်အပိုင်းဖြစ်ကြောင်းနှင့် ရဲတပ်ဖွဲ့နှင့် ပူးပေါင်းဆောင်ရွက်မှု မရှိခြင်းကြောင့် ဖြစ်ကြောင်း ပြင်သစ်ရဲတပ်ဖွဲ့ သတင်းရင်းမြစ်တစ်ခုက ဆိုသည်။

Telegram ကို ၂၀၁၃ ခုနှစ်တွင် ဒူရော့ဗ်က တည်ထောင်ခဲ့ပြီး အထူးသဖြင့် ရုရှား၊ ယူကရိန်းနှင့် ယခင် ဆိုဗီယက်ပြည်ထောင်စု အဖွဲ့ဝင် နိုင်ငံများတွင် ဩဇာရှိသော မက်ဆေ့ချ်နှင့် ဆိုရှယ်မီဒီယာ အက်ပလီကေးရှင်း ဖြစ်သည်။ 

လက်ရှိတွင် Telegram အသုံးပြုသူ (၁) ဘီလီယံနီးပါးရှိပြီး Facebook, YouTube, WhatsApp, Instagram, TikTok နှင့် WeChat ပြီးလျှင် အဓိက ဆိုရှယ်မီဒီယာ ပလက်ဖောင်းများအနက် တစ်ခုအဖြစ် ရပ်တည်နေသည်။

 

Source: Reuters