ခရီးစဥ်တွင် လိုက်ပါရမည့် ဝန်ထမ်းဦးရေ လျှော့ချရန် EasyJet လေကြောင်းလိုင်းက လေယာဥ်ထိုင်ခုံအချို့ကို ဖြုတ်ထားမည်

ခရီးစဥ်တွင် လိုက်ပါရမည့် ဝန်ထမ်းဦးရေ လျှော့ချရန် EasyJet လေကြောင်းလိုင်းက လေယာဥ်ထိုင်ခုံအချို့ကို ဖြုတ်ထားမည်
By Mr John

ဗြိတိန် တန်ဖိုးနည်းလေကြောင်းလိုင်း EasyJet UK က လေယာဥ်ခရီးစဥ်များတွင် လိုက်ပါရမည့် ဝန်ထမ်းအရေအတွက် လျှော့ချရန်ရည်ရွယ်ပြီး ယခုနှစ်နွေရာသီကာလအတွင်း ၎င်း၏ လေယာဥ်အချို့တွင် ထိုင်ခုံအချို့ကို ဖြုတ်ထားရန် စီစဥ်နေသည်ဟု ဆိုသည်။

ကပ်ရောဂါမတိုင်မီ ဝန်ဆောင်မှုအဆင့်ကို ပြန်သွားရန် ကြိုးပမ်းနေသည့် EasyJet မှာ ဝန်ထမ်းမလုံလောက်မှုကို ဖြေရှင်းနေရသည်။



EasyJet က ၎င်း၏ A319 လေယာဥ်များပေါ်တွင် အနောက်ဘက်ခုံတန်းကို ဖြုတ်ထားခြင်းဖြင့် လေယာဥ်ခရီးစဥ်တစ်ခုလျှင် အမှုထမ်း (၄)ဦးအစား (၃)ဦးဖြင့် ဝန်ဆောင်မှုပေးနိုင်မည်ဟု ဆိုသည်။

EasyJet က ထိုင်ခုံများဖြုတ်ထားပြီး လေယာဥ်တွင် အများဆုံး လိုက်ပါနိုင်သည့် ခရီးသည်အရေအတွက်ကိုလည်း (၁၅၀) အဖြစ် ကန့်သတ်သွားမည် ဖြစ်သည်။

လေယာဥ်တွင်လိုက်ပါမည့် ဝန်ထမ်းဦးရေ လျှော့ချလိုက်သော်လည်း Civil Aviation Authority (CAA) စည်းမျဥ်းများနှင့် ကိုက်ညီနေဆဲဖြစ်မည်ဟု EasyJet က ဆိုသည်။



လေယာဥ်ခရီးစဥ်တွင် လိုက်ပါရန် လိုအပ်သည့် ဝန်ထမ်းအရေအတွက် သတ်မှတ်ရာတွင် လေယာဥ်စီးခရီးသည်များကို အခြေခံခြင်းထက် ထိုင်ခုံအရေအတွက်အပေါ် အခြေခံခြင်းဖြစ်ကြောင်း သိရသည်။

EasyJet အပါအဝင် လေကြောင်းလိုင်းအများအပြားက ကပ်ရောဂါကာလအတွင်း လျှော့ချခဲ့သည့် ဝန်ထမ်းများနေရာတွင် အစားထိုးခန့်အပ်ရန် ဝန်ထမ်းသစ်ခေါ်ယူမှုများ လုပ်ဆောင်နေကြသည်။

သို့သော် ကျွမ်းကျင်သူတွေ၏ အဆိုအရ ဝန်ထမ်းမလုံလောက်မှု အခက်အခဲများမှာ (၁၂) လကြာအထိ ဆက်လက် ကြုံတွေ့ရမည်ဟု သိရသည်။



Source: BBC, Business Insider