အမေရိကန်တွင် လူမှုဖူလုံရေးခံစားခွင့် ရရှိထားသူများ ၂၀၂၃ခုနှစ်တွင် အကျိုးခံစားခွင့်များ (၈.၇) ရာခိုင်နှုန်း တိုးမြှင့် ရရှိမည်

အမေရိကန်တွင် လူမှုဖူလုံရေးခံစားခွင့် ရရှိထားသူများ ၂၀၂၃ခုနှစ်တွင် အကျိုးခံစားခွင့်များ (၈.၇) ရာခိုင်နှုန်း တိုးမြှင့် ရရှိမည်
အောက်တိုဘာ 14, 2022 | နိုင်ငံတကာသတင်း
By Mr John

အမေရိကန်နိုင်ငံတွင် သန်းနှင့်ချီသော လူမှုဖူလုံရေးခံစားခွင့် ရရှိထားသူများမှာ လာမည့် ၂၀၂၃ ခုနှစ်တွင် ၎င်းတို့၏ အကျိုးခံစားခွင့်များ (၈.၇) ရာခိုင်နှုန်း တိုးမြှင့်ရရှိမည် ဖြစ်သည်။ 

ယခု တိုးမြှင့်မှုမှာ သမိုင်းဝင်တိုးမြှင့်မှုဖြစ်ပြီး အမေရိကန် အငြိမ်းစားများနှင့် အခြား လူမှုဖူလုံရေး ခံစားခွင့်ရရှိထားသူများအတွက် ကြိုဆိုရမည့် သတင်းကောင်းဟု ဆိုသည်။

ငွေကြေးဖောင်းပွမှုနှုန်း မြင့်မားလာမှုက နေ့စဥ် နေထိုင်မှုကုန်ကျစရိတ် တိုးလာစေမှုကြောင့် လူမှုဖူလုံရေးခံစားခွင့်များကို ထိုသို့ တိုးမြှင့်ပေးခြင်းလည်း ဖြစ်သည်။ 

နေထိုင်မှုကုန်ကျစရိတ်နှင့် ချိန်ညှိပေးမှုအရ လူမှုဖူလုံရေးခံစားခွင့် ရရှိထားသူများမှာ လာမည့် ဇန်နဝါရီလမှစပြီး တစ်လလျှင် အမေရိကန်ဒေါ်လာ (၁၄၀) ပိုမိုရရှိမည်ဟု အောက်တိုဘာလ (၁၃) ရက်နေ့တွင် လူမှုဖူလုံရေးစီမံခန့်ခွဲမှုဌာန Social Security Administration က ထုတ်ပြန်ခဲ့သည့် ခန့်မှန်းချက်များအရ သိရသည်။

အမေရိကန်တွင် လူမှုဖူလုံးရေးခံစားခွင့်များ တိုးမြှင့်ပေးခြင်းမှာ နှစ်ပေါင်း (၄၀) အတွင်း အကြီးမားဆုံး တိုးမြှင့်ပေးမှုလည်း ဖြစ်သည်။ 

သို့သော် သီးခြား အစိုးရအစီရင်ခံစာတစ်ရပ်အရ အမေရိကန်တွင် ငွေကြေးဖောင်းပွမှုနှုန်း စံချိန်တင် မြင့်တက်ခဲ့ပြီး စားသုံးသူဈေးနှုန်းအညွှန်းကိန်း မြင့်တက်နေကြောင်း သိရသည်။ 

စားသုံးသူဈေးနှုန်းအညွှန်းကိန်း Consumer Price Index မှာ ဩဂုတ်လတွင် (၀.၁) ရာခိုင်နှုန်းသာ မြင့်တက်ခဲ့ပြီးနောက် စက်တင်ဘာလတွင် (၀.၄) ရာခိုင်နှုန်း မြင့်တက်လာကြောင်းနှင့် ပြီးခဲ့သည့် (၁၂) လအတွင်း (၈.၂) ရာခိုင်နှုန်း မြင့်တက်ခဲ့ကြောင်း သိရသည်။

အလုပ်လက်မဲ့ ခံစားခွင့်များ တောင်းခံသူအရေအတွက်မှာလည်း သီတင်းပတ်ကြာ မြင့်တက်နေသည်။ 

Wall Street ဈေးကွက်ဖွင့်လှစ်ချိန်တွင် စတော့ရှယ်ယာဈေးနှုန်းများမှာ သိသာစွာ ကျဆင်းခဲ့သည်။ 

အစိုးရသက်တမ်းတစ်ဝက်တွင် ကျင်းပပြုလုပ်မည့် ရွေးကောက်ပွဲများ မတိုင်မီ သီတင်းပတ်များအလို၌ လူမှုဖူလုံရေးခံစားခွင့်များ တိုးမြင့်ပေးမည့် ကြေညာချက်ထွက်လာခဲ့ခြင်း ဖြစ်သည်။

သမ္မတဂျိုးဘိုင်ဒန်က လူမှုဖူလုံရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှု နှစ်ခုလုံးကို ကာကွယ်သွားမည်ဟု ကတိပြုထားသည်။ 

"ဒါတွေကို ပိုမိုခိုင်မာအောင် လုပ်သွားပါမယ်။ လူမှုဖူလုံရေးခံစားခွင့်တွေကို သိမ်းထားနိုင်ဖို့ နေထိုင်မှုကုန်ကျစရိတ် လျှော့ချသွားပါမယ်" ဟု ဂျိုးဘိုင်ဒန်က ပြီးခဲ့သည့်လအတွင်း ပြောခဲ့သည်။ 

အမေရိကန်တွင် အငြိမ်းစားများ၊ မသန်းစွမ်းသူများနှင့် ကလေးငယ်များ အပါအဝင် လူဦးရေ သန်း (၇၀) ခန့်က လူမှုဖူလုံရေးခံစားခွင့်များ ရရှိနေသည်။ 

ဝန်ထမ်းများနှင့် ၎င်းတို့၏ အလုပ်ရှင်များထံမှ လစာ စာရင်းအပေါ် ကောက်ခံရရှိသည့် အခွန်ငွေကိုလည်း လူမှုဖူလုံရေးရန်ပုံငွေအတွက် ထောက်ပံ့ပေးကြောင်း သိရသည်။

Source: ABC7