အာဏာသိမ်းစစ်ကောင်စီအဖွဲ့က အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေကို ခေါင်းစဉ်ပြောင်းပြီး ငွေတိုးချေးဖို့ စီစဉ်

အာဏာသိမ်းစစ်ကောင်စီအဖွဲ့က အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေကို ခေါင်းစဉ်ပြောင်းပြီး ငွေတိုးချေးဖို့ စီစဉ်
ဇူလိုင် 23, 2022 | အခြားဒေသများ

အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေကို သီးသန့်ရန်ပုံငွေအဖြစ်ထားပြီး ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်များကို အတိုးနှုန်းဖြင့် ငွေတိုးချေးပေးမည်ဟု အာဏာသိမ်းစစ်ကောင်စီ၏ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက ယနေ့ ၂၀၂၂ခုနှစ် ဇူလိုင်လ(၂၃)ရက်နေ့တွင် သတင်းထုတ်ပြန်လာသည်။

နိုင်ငံအတွင်း Covid-19 ကာကွယ် ထိန်းချုပ်ရေး နှင့် ကုသရေးများတွင် အသုံးပြုခဲ့သည့် အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေထဲက လက်ကျန်ငွေမှာ ၂၀၂၂ခုနှစ် ဇူလိုင်လ(၁၄)ရက်နေ့အထိ ကျပ် (၄၉၁.၉၇၈)ဘီလီယံ ကျန်ရှိကြောင်း သိရသည်။

"မိမိတို့ နိုင်ငံတွင် ကိုဗစ် ၁၉ ရောဂါဖြစ်ပွားမှုအခြေအနေမှာ များစွာကျဆင်းသွားပြီ ဖြစ်ရာ ကိုဗစ် ၁၉ ကပ်ရောဂါနှင့် နိုင်ငံတကာဖြစ်ပေါ်ပြောင်းလဲမှု အခြေအနေများအရ ထိခိုက်ကျဆင်းခဲ့ရသော နိုင်ငံတော်၏ စီးပွားရေးကို ပြန်လည်ဦးမော့လာစေရန် အဖက်ဖက်မှ ကြိုးပမ်းဆောင်ရွက်သွားမည်"ဟု အာဏာသိမ်းစစ်ကောင်စီ၏ စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနက က ထုတ်ပြန်ထားခြင်း ဖြစ်သည်။

အဆိုပါ လက်ကျန်ငွေများကို ခေါင်းစဉ်ပြောင်းပြီး ပြည်တွင်းစီးပွားရေးလုပ်ငန်းရှင်များကို အတိုးနှုန်းဖြင့် ချေးငွေများ ချပေးမည်ဖြစ်ပြီး အဆိုပါ ချေးငွေများကို စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန၏ ကြီးကြပ်မှုဖြင့်စိစစ် ဆောင်ရွက်သွားမည်ဟု သိရသည်။

အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေများနှင့် ပတ်သက်ပြီး ၂၀၂၂ခုနှစ် ဇူလိုင်လ(၁၄)ရက်နေ့က အာဏာသိမ်းစစ်ကောင်စီခန့် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဒေါက်တာသက်သက်ခိုင် နှင့်အဖွဲ့က အစည်းအဝေးပြုလုပ်ခဲ့ကြောင်းလည်း သိရသည်။

အမျိုးသားသဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှု ရန်ပုံငွေကို သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေ ၂၀၁၃ ခုနှစ်အရ  ၂၀၁၅ ခုနှစ်တွင် စတင် ထူထောင်ခဲ့ကြောင်း သိရသည်။



Covid-19 ကာလအတွင်းက တိုင်းနှင့်ပြည်နယ်များတွင် အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုရန်ပုံငွေများထဲက  Covid-19 ကာကွယ် ထိန်းချုပ်ရေး နှင့် ကုသရေးများအတွက်  ထိထိရောက်ရောက် အသုံးပြုခဲ့ခြင်းမရှိ၍ မြို့နယ်များတွင် ဒေသခံ လုပ်ငန်းရှင်များ နှင့် အလှူရှင်များ၏ လှူဒါန်းမှုများဖြင့်သာ အဓိက လုပ်ဆောင်ခဲ့ရကြောင်း သိရသည်။

လက်ရှိတွင် Covid-19 အခြေအနေမှာ ထိုင်းနိုင်ငံနှင့် ဥရောပနိုင်ငံများတွင် ပြန်လည်ကူးစက်မှုများရှိလာနေပြီး အချို့နိုင်ငံများတွင် သေဆုံးမှုပါ မြှင့်တက်လာနေသည်ကိုလည်း တွေ့ရသည်။

မြန်မာနိုင်ငံ၏ Covid-19 ကူးစက်မှု စုစုပေါင်းမှာ ဇူလိုင်လ(၂၃)ရက်နေ့အထိ (၅၉၂,၇၈၉) ဦး ရှိပြီး သေဆုံးသူမှာ  (၁၉,၄၃၄) ဦးရှိခဲ့သည်ဟု သိရသည်။