ဒုတိယဗိုလ်ချုပ်ကြီးသန်းလှိုင်ကို ရဲချုပ်နေရာကနေ ဖယ်ရှား

ဒုတိယဗိုလ်ချုပ်ကြီးသန်းလှိုင်ကို ရဲချုပ်နေရာကနေ ဖယ်ရှား

ဒုတိယဗိုလ်ချုပ်ကြီးသန်းလှိုင်ကို ရဲချုပ်နေရာကနေ အနားပေးလိုက်ပြီး စစ်ရေးချုပ်ရုံးမှ  ဗိုလ်ချုပ် ဇင်မင်းထက် ကို ခန့်အပ်တာဝန်ပေးလိုက်ကြောင်း သိရသည်။

"ရဲချုပ် သန်းလှိုင် ပြုတ်သွားပြီ။ သူ့နေရာကို စစ်ရေးချုပ်ရုံးက ဗိုလ်ချုပ်ဇင်မင်းထက်ကို အစားထိုးလိုက်တယ်။ ညနေကတော့ ရဲချုပ်အိမ်ရှေ့မှာ လူတွေအများကြီးတွေ့ခဲ့တယ်။ စစ်ရုံးထဲကို ပြန်ခေါ်သွားတာ ယခင်တာဝန် ပြန်လည်ထမ်းဆောင်ဖို့လို့တော့ ပြောတယ်။  ဒီချိန်က အချိန်းအပြောင်းကာလမဟုတ်ဘူး တခုခုပဲလို့ ထင်တယ်။"ဟု နေပြည်တော်မှ Tachileik News Agency ၏ သတင်းရင်းမြစ်တစ်ဦးက ယနေ့ မေလ(၂)ရက်နေ့ ညပိုင်းတွင် ပြောသည်။

ကာကွယ်ရေးဦးစီးချုပ်ရုံး (ကြည်း) စစ်ရေးချုပ်ရုံးမှ တွဲဖက်စစ်ရေးချုပ် (၂) ကြည်း ၂၂၆၀၁ ဗိုလ်ချုပ် ဇင်မင်းထက် ကို ရဲချုပ် အဖြစ်ခန့်ထားလိုက်သည့်အပြင် ပြည်ထဲရေးဝန်ကြီးဌာန၏ ဒုတိယဝန်ကြီးအဖြစ်ပါ ခန့်အပ်လိုက်ကြောင်း သိရသည်။

တာချီလိတ်မြို့တွင် ဧပြီလ၏ နောက်ဆုံးပတ်အတွင်းက စိတ်ကြွရှုးသွပ်ဆေးပြား (၁၂)သန်းကျော်ဖြင့် ရဲတပ်ဖွဲ့က ဖမ်းဆီးရမိပြီး ဖမ်းဆီးရမိသည့်ဖြစ်စဉ်နှင့် ပတ်သက်ကာ ပါဝင်ဆက်နွယ်သည်ဟုဆိုကာ စစ်ကောင်စီတပ်က တာချီလိတ်ခရိုင်မြို့နယ်ရဲတပ်ဖွဲ့မှူး နှင့် မြို့နယ်ရဲတပ်ဖွဲ့မှူးအပါအဝင် ယခင်နယ်ထိန်းခေါင်းဆောင်ဟောင်းများအထိ ဖမ်းဆီးထားကာ စစ်ဆေးနေသည့်ကာလအတွင်း၌ ဒုတိယဗိုလ်ချုပ်ကြီးသန်းလှိုင်သည် ရဲချုပ်နေရာကနေ တိုက်တိုက်ဆိုင်ဆိုင် ဖယ်ရှားခံလိုက်ရခြင်းလည်း ဖြစ်သည်။