အထကခွဲ(နန်းဖာလုံ)တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို တမူး PDF က ဝင်ရောက် တိုက်ခိုက်၊ စစ်ကောင်စီ တပ်သား (၄)ဦး သေသွား

Photo: People's Defense Force - Tamu တပ်ရင်း - ၁
Photo: People's Defense Force - Tamu တပ်ရင်း - ၁
အထကခွဲ(နန်းဖာလုံ)တွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ကို တမူး PDF က ဝင်ရောက် တိုက်ခိုက်၊ စစ်ကောင်စီ တပ်သား (၄)ဦး သေသွား
ဧပြီ 18, 2022 | အခြားဒေသများ

 စစ်ကိုင်းတိုင်း၊ တမူးမြို့ပေါ် မြို့မ (၁၂/က)ရပ်ကွက်၊ နန်းဖာလုံ(ထခွဲ)ကျောင်း၌ တပ်စွဲထားသည့် အာဏာသိမ်းစစ်ကောင်စီတပ်ကို ဧပြီလ(၁၇)ရက်နေ့ ညပိုင်းက ဝင်ရောက်တိုက်ခိုက်ခဲ့ကြောင်း People's Defence Force-Tamu တပ်ရင်း(၁)က သတင်းထုတ်ပြန်လာသည်။

တိုက်ခိုက်မှုကြောင့် စစ်ကောင်စီဖက်မှ တပ်ကြပ်အဆင့်ရှိသူတစ်ဦး အပါအဝင် (၄)ဦးသေပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များမှာ ထိခိုက်မှုမရှိဘဲ အောင်မြင်စွာ ပြန်လည် ဆုတ်ခွါနိုင်ခဲ့သည်ဟု သိရသည်။

ယင်းတိုက်ခိုက်မှုကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(တမူးမြို့)တပ်ရင်း - ၁ နှင့် တပ်ရင်း - ၂ ၏ အထူးကွန်မန်ဒိုပူးပေါင်း တပ်ဖွဲ့ဝင်များမှ အလစ်ငိုက် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ ပြန်လည်ဆုတ်ခွာသွားပြီးနောက် နာရီဝက်ခန့်အကြာတွင် တမူးမြို့ဘက်မှ လူနာတင်ကားများနှင့် စစ်ကောင်စီကားများ ရောက်ရှိလာပြီး လက်နက်ကြီး၊ လက်နက်ငယ်များဖြင့် ရမ်းသမ်းဖြစ်ခတ်ခဲ့ကြောင်း သိရသည်။

ထို့နောက် ကျောင်းရှေ့လမ်းမပေါ်မှ ၎င်းတို့တပ်ဖွဲ့ဝင် အလောင်းများကို ကောက်ယူတင်ဆောင်ပြီး ည(၉)နာရီတွင် တမူးမြို့အတွင်းသို့ ပြန်လည်ထွက်ခွာသွားကြကြောင်း သိရသည်။

တမူး - အောင်ဇေယျကားလမ်းပိုင်းနှင့် ပါတ်သက်သော စည်းကမ်းချက်များအား ပြန်လည်ပြင်ဆင်ခြင်း(သို့) ပြန်လည်ရုတ်သိမ်းခြင်း ထပ်မံ မထုတ်ပြန်သေးသည့်အတွက် ၎င်းကားလမ်းပိုင်းအား အသုံး ပြုသူများအနေဖြင့် ဆက်လက်လိုက်နာဆောင်ရွက်ကြရန် ထပ်မံသတိပေးထားသည်။

#TachileikNewsAgency