မြောက်ဥက္ကလာတွင် ဖမ်းဆီးခံထားရသည့် လူငယ်(၇)ဦးကို လူသတ် အကြမ်းဖက်မှုဖြင့် စွပ်စွဲကာ အာဏာသိမ်းစစ်တပ်က သေဒဏ် ချမှတ်

 မြောက်ဥက္ကလာတွင် ဖမ်းဆီးခံထားရသည့် လူငယ်(၇)ဦးကို လူသတ် အကြမ်းဖက်မှုဖြင့် စွပ်စွဲကာ အာဏာသိမ်းစစ်တပ်က သေဒဏ် ချမှတ်

နိုင်ငံ့အာဏာကို (၁)နှစ်ကျော်အကြာ သိမ်းထားပြီး ထိန်းနိုင်ခြင်း မရှိသေး၍ စစ်အုပ်ချုပ်ရေးအမိန့် မရုတ်သိမ်းသေးသည့် ရန်ကုန်တိုင်းအတွင်း အချို့မြို့များတွင် ဖမ်းဆီးခံထားရသူများအနက် လူငယ်(၇)ဦးကို   စစ်ခုံရုံးဖြင့် စစ်ဆေးကာ မတ်လ(၃၀)ရက်နေ့က သေဒဏ်အမိန့်ချလိုက်ကြောင်း အာဏာသိမ်းစစ်ကောင်စီတပ်က မတ်လ(၃၁)ရက်နေ့တွင် သတင်းထုတ်ပြန်လာသည်။

မြောက်ဥက္ကလာပမြို့နယ်၊ (ဇ)ရပ်ကွက်ရှိ Wifi ကား ရေဆေးဆိုင်မှ ဆိုင်ရှင်ဖြစ်သူအား သုနန္ဒာလမ်းနှင့် မေဓာဝီလမ်းဆုံ၌ သေနတ်ဖြင့်ပစ် ခတ်သတ်ဖြတ်မှုနှင့် အကြမ်းဖက်လုပ်ရပ်များကြောင့်ဟု စွတ်စွဲခံရပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေ ပုဒ်မ ၅၄ ဖြင့် စစ်အုပ်ချုပ်ရေး(Martial Law) စစ်ခုံရုံးဖွဲ့၍ စစ်ဆေးမှုကာ သေဒဏ်ချမှတ်လိုက်ခြင်း ဖြစ်သည်။

သေဒဏ်ချမှတ်ခံရသူများမှာ မြောက်ဥက္ကလာပမြို့နယ်၊ ဒေါပုံမြို့နယ်နှင့် အင်းစိန်မြို့နယ်တို့တွင် နေထိုင်သူ   ကိုရဲရင့်ဖြိုး(ခ)ပီတာပို၊   ကိုခိုင်မင်းထွန်း (ခ)နေမင်း၊  ကိုဉာဏ်ဟိန်းထက်(ခ)ကိုထက်(ခ)ယုန်လေး၊   ကိုပြည့်ဖြိုးသူ(ခ)ကိုစိုင်း(ခ)စိုင်းသူဝေမိုးနိုင်(ခ)ဝင်းလွင်ဦး၊   မဆုဝေနှင်း နှင့် မဆုမြတ်သွယ် အပြင် ဖမ်းမမိသေးသည့်  ကိုသန်းဇော်(ခ)ဝတုတ်(ခ)ကျောင်းဆရာကိုလည်း ဖမ်းမိရန်အတွက် ရာဇဝတ်ကျင့်ထုံးဥပဒေပုဒ်မ-၈၇၊ ၈၈ အရ ဖမ်းဝရမ်းထုတ်ဆင့်ရန် အမိန့်ချမှတ်ခဲ့ကြောင်းလည်း သိရသည်။

အာဏာသိမ်းစစ်ကောင်စီသည် ရန်ကုန်တိုင်းစစ်ဌာနချုပ်နယ်မြေ ဖြစ်သည့် ရန်ကုန်တိုင်းဒေသကြီး၊ လှိုင်သာယာမြို့နယ်၊ ရွှေပြည်သာ မြို့နယ်၊ ဒဂုံမြို့သစ်(မြောက်ပိုင်း)မြို့နယ်၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း) မြို့နယ် နှင့် မြောက်ဥက္ကလာပမြို့နယ်များအတွင်း အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးဆိုင်ရာအတွက် စစ်အုပ်ချုပ်ရေး (Martial Law) အာဏာကို ကျင့်သုံးပြီး စစ်အာဏာရှင်ကို ဆန့်ကျင်သူများအား ဖမ်းဆီးကာ အကြောင်းကြောင်းအမျိုးမျိုးပြကာ နှစ်ရှည်ထောင်ဒဏ်များ နှင့် သေဒဏ်များအထိပါ ချမှတ်နေခြင်း ဖြစ်သည်။

အာဏာသိမ်းစစ်တပ်က အုပ်ချုပ်ရေးနှင့် တရားစီရင်ရေးဆိုင်ရာ စစ်အုပ်ချုပ်ရေး (Martial Law) အာဏာကျင့်သုံးပြီး အသက် (၁၈)နှစ်အောက် ကလေး (၂)ဦး အပါအဝင် (၅၀)ကျော်ကို သေဒဏ်ချမှတ်ထားကြောင်း နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)၏ စစ်တမ်းအရ သိရသည်။