မြိုင်မြို့နယ်နှင့် ပေါက်မြို့နယ်အစပ်ရှိ ကျေးရွာများကို စစ်ကောင်စီဗုံးကြဲချ၍ အရပ်သား ၁၃ ဦးသေဆုံး

မြိုင်မြို့နယ်နှင့် ပေါက်မြို့နယ်အစပ်ရှိ ကျေးရွာများကို စစ်ကောင်စီဗုံးကြဲချ၍ အရပ်သား ၁၃ ဦးသေဆုံး

မကွေးတိုင်း မြိုင်မြို့နယ်နှင့် ပေါက်မြို့နယ်အစပ်ရှိ ကျေးရွာများကို စစ်ကောင်စီတပ်က ယနေ့ ၂၀၂၅ခုနှစ် မတ်လ (၃)ရက်နေ့တွင် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်သဖြင့် အရပ်သားအများအပြား ထိခိုက်သေဆုံးသည်ဟု မြိုင်မြို့ နယ်ပြည်သူ့ကာကွယ်ရေးတပ်ထံမှ သိရသည်။

စစ်ကောင်စီတပ်သည် ယနေ့နံနက်အစောပိုင်းတွင် မြိုင်မြို့နယ် ဆိပ်ချေးကျေးရွာ၊ ဂျုတ်ကုန်းရွာ၊ ဘောင်ဘင်ရွာ၊ ညောင်ကုန်းရွာ ဘုန်းကြီးကျောင်း၊ ဆူးဝင်းရွာ၊ တောရွာများကို လေယာဉ်ဖြင့် ဗုံးကြဲချ၍ အရပ်သား(၁၃)ဦး သေဆုံးသည်ဟု ဆိုသည်။

“နံနက် ၁ နာရီကျော်လောက်က ဗုံးကြဲချသွားတာ ၁၃ ဦးလောက် သေဆုံးသွားတယ်။ အမျိုးသား၊ အမျိုးသမီးတွေ ပါတယ်။ အခုတော့ ရှင်းလင်းရေးနဲ့ ကယ်ဆယ်ရေးတွေ လုပ်နေတယ်။”ဟု မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက Tachileik News Agency ကိုပြောသည်။

စစ်ကောင်စီသည် Y-12 လေယာဉ်ဖြင့် ဆိပ်ချေးရွာကို တစ်ကြိမ်၊ ဂျုတ်ကုန်းကျေးရွာကို တစ်ကြိမ်၊  ဘောင့်ဘင်ရွာကို နှစ်ကြိမ်၊ ညောင်ကုန်းရွာ ဘုန်းကြီးကျောင်းကို တစ်ကြိမ်၊ ဆူးဝင်းရွာကို တစ်ကြိမ်နှင့် တောရွာကို တစ်ကြိမ် ကြဲချသည်ဟု သိရသည်။

ထို့အပြင် ပေါက်မြို့နယ် လက်ပံတိုရွာကို တစ်ကြိမ်၊ သရက်ကန်ရွာကို တစ်ကြိမ် ကြဲချတိုက်ခိုက်ပြီး မြိုင်မြို့နယ်မှ ရေနံလုပ်သား အများအပြား သေဆုံးသည်ဟု သိရသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ (၁၅)ရက်နေ့ကလည်း မြိုင်မြို့နယ်နှင့် ပေါက်မြို့နယ်အစပ်ရှိ ဆုံကုန်းကျေးရွာ ဘုန်းကြီးကျောင်းတွင် ပြုလုပ်နေသည့် မင်္ဂလာပွဲကို စစစ်ကောင်စီက ဗုံးကြဲချ၍ အရပ်သား(၁၁)ဦး သေဆုံးပြီး (၂၂)ဦး ဒဏ်ရာရခဲ့သည်။

#TachileikNewsAgency

Photo: CJ