အာဏာသိမ်းစစ်ကောင်စီ လက်အောက်ခံ ကရင်နယ်ခြားစောင့်တပ်၏ အလှူပွဲတွင် အဆိုတော်များစွာ လာရောက် ဖျော်ဖြေ

အာဏာသိမ်းစစ်ကောင်စီ လက်အောက်ခံ ကရင်နယ်ခြားစောင့်တပ်၏ အလှူပွဲတွင် အဆိုတော်များစွာ လာရောက် ဖျော်ဖြေ

 အာဏာသိမ်းစစ်ကောင်စီ လက်အောက်ခံ ကရင်နယ်ခြားစောင့်တပ်၏ အထွေထွေအတွင်းရေးမှူး စောချစ်သူ၏ဇနီး အလှူပွဲအတွက် အဆိုတော်များစွာ လာရောက်ဖျော်ဖြေခဲ့ကြသည်ဟု ဒေသခံများထံမှ သိရသည်။ 

ကရင်ပြည်နယ် နယ်ခြားစောင့်တပ်များ ဗဟိုအကြံပေးနှင့် ကွပ်ကဲရေးအဖွဲ့၊ အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီးစောချစ်သူ ဇနီး နန်းခင်လှသူ မိသားစု၏ လှိုင်းဘွဲ့မြို့ရှိ နောင်တော်ကြီးစေတီ ထီးတော်တင်ပွဲနှင့် ပြည်သာလင်းအေးစေတီ ဌာပနာပိတ်ကို မတ်လ (၁၅)ရက်နှင့် (၁၆)ရက်တို့တွင် ပြုလုပ်ခဲ့ရာ အဆိုတော် ဟဲလေး၊ ဇော်ပိုင်၊ ကောင်းကောင်း၊ ရတနာမိုင်၊ မိစန္ဒီ၊ ကေကေမိုး၊ လမင်းကဗျာတို့ ပါဝင်သည့် ဖျော်ဖြေပွဲကိုပါ လုပ်ဆောင်ခဲ့ကြသည်ဟု သိရသည်။

ပြီးခဲ့သည့် ရက်ပိုင်းကလည်း စောချစ်သူ၏ လူယုံ၊ ကိုယ်ရံတော် နိုင်မောင်‌ဇော်နှင့်အတူ စားသောက်နေကြသည့် သရုပ်ဆောင်မြင့်မြတ်အပါအဝင် သရုပ်ဆောင်အချို့၏ပုံများ လူမှုကွန်ယက်စာမျက်နှာတွင် တင်လာသဖြင့် ပြည်သူများက ဆဲဆိုဝေဖန်ခဲ့ကြသည်ကိုလည်း တွေ့ရသည်။

စစ်အာဏာသိမ်းပြီးနောက် အနုပညာတချို့ ဖမ်းခံနေရချိန်၊ လွတ်မြောက်နယ်မြေသို့ ထွက်ပြေး တိမ်းရှောင်နေရချိန်တွင် စစ်ကောင်စီနှင့်ပူးပေါင်း၊ ထောက်ခံနေသည့် အဆိုတော်၊ သရုပ်ဆောင်များကို လူမှုရေးဒဏ်ခတ်ကြရန် တိုက်တွန်းမှုများလည်း ရှိနေကြသည်ကို တွေ့ရသည်။

၎င်း BGF တပ်များသည် ကရင်ပြည်နယ်ရှိ တော်လှန်ရေးအင်အားစုများကို စစ်ကောင်စီတပ်နှင့်ပေါင်းကာ ထိုးစစ်ဆင်နေသဖြင့် စစ်‌ကောင်စီတပ်နှင့် ပူး‌ပေါင်းလုပ်‌ဆောင်ခြင်းမပြုရန် ဇန်နဝါရီလတွင် KNU က သတိပေးထုတ်ပြန်ခဲ့သေးသည်။