စစ်ကိုင်းတိုင်း၊ ရွှေဘိုနှင့် ဒီပဲယင်းနယ်ကြားတွင် နှမစားရစ်ရွာကို မီးရှို့ဖျက်ဆီးခဲ့သည့် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်များအကြား နှစ်ရက်ကြာတိုက်ပွဲဖြစ်ပြီး စစ်ကောင်စီတပ်သား(၂၅)ဦးသေကြောင်း ရွှေဘို PDF က ယနေ့မတ်လ(၆)ရက်နေ့တွင် ထုတ်ပြန်သည်။
မတ်လ(၄)နေ့နှင့် (၅)ရက်နေ့တို့တွင် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်ကောင်စီတပ်များက ပြည်သူ(၃)ဦးကို သတ်ခဲ့ပြီး (၁၁)ဦးကို လူသားဒိုင်းအဖြစ် အသုံးပြုကာ ဖမ်းဆီးသွားကြောင်း သိရသည်။
အကြမ်းဖက် စစ်ကောင်စီတပ်များသည် မတ်လ(၄)ရက်နေ့က ရွှေဘိုမြို့နယ်၊ အနောက်ဘက်ခြမ်းရွာများနှင့် ဒီပဲယင်းမြို့နယ် အရှေ့ဘက်ခြမ်းရွာများသို့ အင်အား(၇၀)ကျော်ဖြင့် စစ်ကြောင်းထိုးလာချိန် ပ.က.ဖ မဟာမိတ်တပ်ပေါင်းစု(၂)၊ ရွှေဘိုမြို့နယ်၊ C&T SHWEBO၊ Snake Eyes PDG၊ Alpha 7၊ People Defense Force (Shwebo)၊ Fighter One၊ BFDF စသည့် ကာကွယ်ရေးတပ်ဖွဲ့များနှင့် ထူးကြီးရွာနှင့် သန်းတောရွာအကြား၌ တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။
ထို့နောက် စစ်ကောင်စီတပ်များ ထပ်မံတိုး၀င်လာရာ ရွှေဘိုမြို့နယ်နှင့် ဒီပဲယင်းမြို့နယ်အကြားရှိ မူးမြစ်၀ှမ်းတွင် ထပ်မံထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း သိရသည်။
မတ်လ(၅)ရက်နေ့တွင် မိုင်းဆွဲခြင်း၊ ပျောက်ကျားတိုက်ခိုက်ခြင်းများကြောင့် စစ်ကောင်စီတပ်များသည် ပြည်သူ(၁၁)ဦးကို လူသားဒိုင်းပြုလုပ်၍ ဖမ်းဆီးသွားကြောင်း သိရသည်။