မြိုင်မြို့နယ်အတွင်း ဖမ်းဆီး ချိတ်ပိတ်မှု  ပြုလုပ်သူများ၏ ပိုင်ဆိုင်မှုများကိုလည်း ပြန်လည်အရေးယူသွားမည်ဟု မြိုင် PDF သတိပေး

မြိုင်မြို့နယ်အတွင်း ဖမ်းဆီး ချိတ်ပိတ်မှု  ပြုလုပ်သူများ၏ ပိုင်ဆိုင်မှုများကိုလည်း ပြန်လည်အရေးယူသွားမည်ဟု မြိုင် PDF သတိပေး
ဖေဖော်ဝါရီ 18, 2022 | အခြားဒေသများ

မကွေးတိုင်း၊ မြိုင်မြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ပျူစောထီးဒလန်များက CDM ဝန်ထမ်းများကိုဖမ်းဆီး၍ နေအိမ်အား ချိတ်ပိတ်နေသဖြင့် ၎င်းတို့၏ ပိုင်ဆိုင်မှုများကိုလည်း ပြန်လည်အရေးယူသွားမည်ဖြစ်ကြောင်း မြိုင်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ယနေ့ဖေဖော်ဝါရီလ(၁၈)ရက်နေ့တွင် သတိပေးကာ သတင်းထုတ်ပြန်လာသည်။ 

အကြမ်းဖက်စစ်‌ကောင်စီတပ်နှင့် မြို့ပေါ်ရှိ ၎င်းတို့၏ ဒေါက်တိုင်များသည် ပြည်သူများအပေါ် အကြောင်းအမျိုးမျိုးပြကာ ဖမ်းဆီးခြင်း၊ အိမ်များကို ချိတ်ပိတ်ခြင်း၊ CDM ဝန်ထမ်းများကိုလည်း ဖမ်းစီးကာ အိမ်များကို ချိတ်ပိတ်ခြင်းများ လုပ်ဆောင်နေခြင်းကြောင့် ယင်းသို့ ထုတ်ပြန်လိုက်ခြင်းဖြစ်ကြောင်း သိရသည်။

မြိုင်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ အနေဖြင့် မြို့ပေါ်ရှိ စစ်ကောင်စီလက်အောက်ခံများ စာရင်းကို ရရှိထားပြီးဖြစ်သဖြင့် အခွင့်သာသည်နှင့် ၎င်းတို့၏ပိုင်ဆိုင်မှုများကို ရေအဆုံး၊ မြေအဆုံး ပြင်းပြင်းထန်ထန်လက်တုံပြန်အရေးယူသွားမည်ဖြစ်ကြောင်း သိရသည်။

ဒါ့အပြင် မြိုင်မြို့ပေါ်ရှိ ပြည်သူများအနေဖြင့် စစ်ကောင်စီနှင့် ဒေါက်တိုင်များသည် အကြောင်းအမျိုးမျိုးပြကာ လုယက်ဓါးပြ တိုက်‌နေသဖြင့် အဖိုးတန်ပစ္စည်းများအား လုံခြုံစွာသိမ်းဆည်းထားကြရန်၊ ကောလဟာလသတင်းများမယုံကြည်ရန်နှင့် အမြဲတမ်းသတိရှိစွာနေကြရန် မေတ္တာရပ်ခံထားသည်။